လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ လူမှန်နေရာမှန်ဖြစ်ရန်လိုအပ်ကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းများက သုံးသပ်ပြောကြားသည်။
ကယားပြည်နယ်ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်မှ ကိုမာတီယားက “ပွင့်ပွင့်လင်းလင်းပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးတော့မှ ကျွမ်းကျင်နှံ့စပ်တဲ့ ဒါမှမဟုတ်လည်း ပြောနိုင်ဆိုနို်င်တဲ့ပုဂ္ဂိုလ်တွေကို လူမှန်နေရာမှန်ထားဖို့လိုတယ်ပေါ့။ ပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့်မှာပဲဖြစ်ဖြစ် အဲဒါကအင် မတန်မှအရေးကြီးတယ်။ နံပါတ် ၂ အချက်ကတော့ လာမယ့်အစိုးရလက်ထက်မှာ လက်ရှိ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ဖြစ်စဉ်မှာ ဒီထက်ပိုပြီးတော့မှ တပ်မတော်နဲ့ ညှိနှိုင်းပြီး ဆက်ဆံရေးကောင်းအောင်လုပ်ပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးနိုင်ရင်တော့ ပိုပြီးတော့ ထိရောက်လိမ့်မယ်” ဟုပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း တပ်မတော်ကသာ ဦးဆောင်ဆွေးနွေးနေပြီး အစိုးရကိုယ်စားလှယ်များအနေဖြင့် အားနည်းလျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်နှင့် အစိုးရကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးပြီးမှသာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးလျှင် ပိုအဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကထောက်ပြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ရေးတွင် ပြည်သူလူထုက တိုက်ရိုက်ပါဝင်ပြီး နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းမှုအားကောင်းမှသာ လုံခြုံစိတ်ချရသည့် လုပ်ငန်းစဉ်ဖြစ်လာမည်ဟု ကိုမာတီယားက ဆက်လက်ပြောသည်။
“စေ့စပ်ညှိနှိုင်းမှုတွေအားကောင်းလာဖို့အတွက် နှစ်ဖက်ဆက်ဆံရေးပေါ့။ အစိုးရဖက်က ငြိမ်းချမ်းရေးကို တကယ် တာဝန် ခံဖော်ဆောင်ပေးမယ့် အစုအဖွဲ့၊ တိုင်းရင်းသားတွေဘက်ကနေ တာဝန်ယူဖော်ဆောင်ပေးမယ့် အစုအဖွဲ့ ဒီလိုမျိုးငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့အစုအဖွဲ့တွေ နှစ်ဖွဲ့ကို တိတိကျကျ ပြန်ပြီးတော့မှ လုပ်ဆောင်ဖို့လိုအပ်တယ်ပေါ့နော်။ ဒါမှလည်း ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ အလွှာတိုင်းမှာပါဝင်ပတ်သက်သူတွေအတွက် ပိုပြီးတော့မှ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်လာမှာပါ” ဟု ၎င်းကပြောသည်။
NLD အစိုးရအနေဖြင့် ၎င်း၏ ဒုတိယသက်တမ်းတွင် ပြည်နယ်အစိုးရအဖွဲ့များ၌ ငြိမ်းချမ်းရေးသဘောသဘာဝ နားလည် သူများကို နေရာပေး၍ ဦးဆောင်စေကာ ထဲထဲဝင်ဝင်လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလေ့ လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က သုံးသပ်ပြောကြားသည်။
“အခုသက်တမ်းက အခြေအနေကို သင်ခန်းစာရယူပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ထဲက ငြိမ်းချမ်းရေးသဘောသဘာဝ နားလည်တဲ့သူတွေက ဦးဆောင်ပြီးတော့မှ ထဲထဲဝင်ဝင်လုပ်ဆောင်ဖို့လိုမယ်။ သို့မဟုတ်ဘဲ လုံနယ်လောက် ပြည်နယ်အတွင်းရေးမှူးလောက်နဲ့ကိုပဲ ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လွှတ်ထားမယ်ဆိုရင်တော့ တကယ့်လူထုမျှော်လင့်တဲ့ လူထုရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ မပါဘဲနဲ့ ဆွေးနွေးမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ ညှိနှိုင်းမှုတွေနဲ့ လူထုတွေလိုလားတဲ့ ပုံစံကို ရရှိမှာမဟုတ်ဘဲနဲ့ သူတို့အတွက် ဆွေးနွေးညှိနှိုင်းရတာ ပိုမိုခက်ခဲနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ စနစ်တကျ ဆောင်ရွက်ပေးနိုင်မည့်သူကို တာဝန်ပေးအပ်ရန်လိုအပ်ပြီး လူထုပါဝင်မှုအခန်းကဏ္ဍအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ချပြရန်လိုကြောင်း LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ နော်ဖောဝါးက သုံးသပ်ပြောကြားသည်။
“ဒီအစိုးရသစ်မှာ ဖြစ်စေချင်တာကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ Focal Person ကောင်းကောင်း လေး ထားထားပေးဖို့လိုတယ် အစိုးရက။ နောက် ငြိမ်းချမ်းရေးဖြစ်စဉ် ဒီထက်ကောင်းမွန်အောင်ဆိုရင်တော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ လူထုတွေကြားထဲရောက်နိုင်တဲ့ဟာတွေ သေချာလုပ် ပေးဖို့လိုတယ်။ သူတို့ကိုယ်တိုင်လည်းမလုပ်ဘူး။ သူများတွေကိုလည်း မလုပ်ပေးတာထက်စာရင် စနစ်တကျ လူထုတွေကို အသိပညာပေးနိုင်တဲ့ဟာမျိုးတွေ နောက်ပြီးတော့ လူထုပါဝင်မှုအခန်းကဏ္ဍပေါ့ စနစ်တကျကိုင်တွယ်ဖြေရှင်းတာမျိုးတွေ လုပ်စေချင်တယ်။ နောက် ဒီပြည်နယ်ရဲ့ငြိမ်းချမ်းရေးကိစ္စတွေ လေးလေးနက်နက်ထားပြီး ဖြေရှင်းတာတွေ အဲဒါတွေလုပ်စေချင်တယ်”ဟု နော်ဖော်ဝါးက ပြောသည်။
ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေးဗဟိုဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့သည် ၂၀၁၉ခုနှစ် မေ၆ရက်တွင် တွေ့ဆုံဆွေးနွေးမှုတစ်ကြိမပြုလုပ်ခဲ့ပြီး လစဉ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၀ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၉ရက်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။