“ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူအများစုကိုကိုယ်စားပြုတဲ့ ရွေးကောက်ပွဲအခင်းအကျင်းဖြစ်အောင် အရင်ဖန်တီးပေးဖို့လိုတယ်”

“ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူအများစုကိုကိုယ်စားပြုတဲ့ ရွေးကောက်ပွဲအခင်းအကျင်းဖြစ်အောင် အရင်ဖန်တီးပေးဖို့လိုတယ်”
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှနှင့် အင်တာဗျူး

ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရွေးကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါသတင်းများ မှန်၊မမှန်နှင့် အကယ်၍ တွေ့ဆုံခဲ့ပါက မည်သည့်အကြောင်းအရာများ ဆွေးနွေးရန်ရှိနေသည်လဲဆိုသည်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - NLD က ANP နဲ့တွေ့မယ်ဆိုပြီးသိရပါတယ်။ အဲဒါ ဟုတ်ပါသလား။အတည်ပြုပေးစေချင်ပါတယ်။

ဦးသာထွန်းလှ - ကျွန်တော်တို့ကိုတော့ လောလောဆယ် တွေ့ဆုံဖို့အတွက် တရားဝင်ကမ်းလှမ်းတာ ဘာမှ မရှိသေး ပါဘူး။ ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ၁၁ ရက်က အွန်လိုင်းပေါ်မှာတင်ခဲ့တဲ့ NLD ပါတီက တိုင်းရင်းသား ပါတီတွေကို ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းတယ် ဆိုတဲ့ အဲဒီ စာတစ်စောင်တော့ ကျွန်တော်တို့ပါတီကိုရောက်တာရှိခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အဲဒီစာကို လက်ခံ ရရှိတဲ့အကြောင်း NLD ကို တရားဝင် စာပြန်ထားတာရှိပါတယ်။ အဲလို အခြေအနေမျိုးပဲ ရှိပါသေးတယ်။

မေး - NLD က တိုင်းရင်းသားပါတီတွေနဲ့ ရှေ့လဆန်းပိုင်းလောက်မှာ တွေ့မယ်လို့ သိရပါတယ်။ ANP အနေနဲ့ ဘယ်လို ဘယ်လိုအစီအစဉ် ရှိပါသလဲ။

ဦးသာထွန်းလှ - ကျွန်တော်တို့ကတော့အခု NLD ဗဟိုကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာအောင် မိုးညိုပါဝင်တဲ့ ပုဂ္ဂိုလ် သုံးဦးကို တာဝန်ပေးထားတယ်လို့ အဲဒီ သတင်းမီဒီယာတွေက တဆင့် သိထားပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့တော့ အဲလို တွေ့ဆုံဆွေးနွေးဖို့အတွက် အဆင့်ဆင့် ဖန်တီးတာကို ကြိုဆိုတဲ့ သဘောထားနဲ့ ကျွန်တော်တို့ အဲလိုပြောထားတာရှိတဲ့အတွက်ကြောင့် အဲလို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်း လာရင်တော့ ကျွန်တော်တို့ပါတီအနေနဲ့ လက်ခံတွေ့ဆုံမယ်။

မေး - ဟုတ်ကဲ့။ တကယ်လို့ NLD နဲ့တွေ့ဆုံဖြစ်ရင် ANP အနေနဲ့ ဘယ်လိုဟာတွေကို အဓိကထားပြီးတော့ ဆွေးနွေးဖို့ စီစဉ်ထားလဲ။

ဦးသာထွန်းလှ - ကျွန်တော်တို့ဆီရောက်ခဲ့တဲ့ စာတစ်စောင်ဟာဆိုရင် ဒီတိုင်းရင်းသားတွေရဲ့ဆန္ဒကို အလေးထားမယ်ဆိုတဲ့ သဘောထားပါတာရှိတဲ့အတွက်ကြောင့် အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ ကြိုဆိုတဲ့အကြောင်း အကြောင်းထားတာရှိပါတယ်။ ဒါပေမဲ့ အခုတော့ လောလောဆယ် ကျွန်တော်တို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ဒီကော်မတီက တွေ့ဆုံဆွေးနွေးမယ့် ပုံစံရယ်၊ အခင်းအကျင်းကျတော့ သတင်းမီဒီယာကတဆင့် သိရတဲ့အခြေအနေရှိနေတဲ့အတွက် အဲဒီလိုအခြေအနေပဲ ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့က အဲဒီ NLD ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သတင်းမီဒီယာပေါ်မှာ ပြောကြားချက်တွေကို လေ့လာသုံးသပ်နေတဲ့အခြေအနေပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ တိတိကျကျ ဘာအကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာကိုလည်း ဒီနေ့အချိန်ထိ သိရတဲ့အခြေအနေမရှိသေးပါဘူး။ သတင်းမီဒီယာ ပြောကြားတဲ့ အခြေအနေကိုပဲ ကျွန်တော်တို့ သိရတဲ့အခြေအနေပဲရှိပါသေးတယ်။

မေး - လာမယ့်အစိုးရသက်တမ်းအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရေးနဲ့ပတ်သက်ပြီးတော့ ANP ဘက်ကရော ဘယ်လိုသဘောထားရှိပါသလဲ။

ဦးသာထွန်းလှ - ကျွန်တော်တို့ကတော့ လောလောဆယ်မှာ ရွေးကောက်ပွဲ အခင်းအကျင်းကို ပြန်သုံးသပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲက မဲဆန္ဒနယ်မြေနဲ့တွက်မယ်ဆိုရင် မြို့ခြောက် မြို့နဲ့နှစ်ခြမ်းပဲလုပ်ခဲ့တဲ့ အခြေအနေရှိပါတယ်။ မဲဆန္ဒနယ်မြေက ကျရင် ၄ဝ% လောက်ပဲ လုပ်ခဲ့တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မဲပေးတဲ့ အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင် ၁၆ သိန်းကျော်မှာလေးသိန်း နီးပါးလောက်ပဲ မဲပေးနိုင်ခဲ့တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ၂၅% ပတ်ဝန်းကျင်လောက်ပဲ မဲပေးနိုင်တဲ့ အခင်းအကျင်း အခြေအနေပဲ ရှိခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ကတော့ ဒီနေ့အချိန်ထိ ရခိုင်လက်နက်ကိုင်အဖွဲ့ AAကလည်း ထုတ်ပြန်ကြေညာတယ်။ မြန်မာ့တပ်မတော်ကလည်း ထုတ်ပြန်ကြေညာတယ်။ ကျွန်တော်တို့ ပါတီကလည်း အဲဒီထုတ်ပြန် ကြေညာချက် အပေါ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေကို ပြန်လည် ကျင်းပဖို့အတွက် ပါတီကလည်း အဲဒီအပေါ်မှာ သဘောတူတဲ့အကြောင်း၊ ကြိုဆိုတဲ့အကြောင်း ကျွန်တော်တို့ ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅၊ ရခိုင်ပြည်နယ်နေ့မှာလည်း နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းတာကိုလည်း တွေ့တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲ အခင်းအကျင်းဖြစ်အောင် အရင်ဖန်တီးပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီလိုမှ ကျနော်တို့ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ကိုက်ညီတဲ့ လွှတ်တော်တစ်ရပ် ပေါ်လာတဲ့ အခါမှ အဲဒီလွှတ်တော်ကို ကိုယ်စားပြုတဲ့ အစိုးရ အဖွဲ့ကလည်း ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

မေး -  ANP ပါတီအနေနဲ့ ရခိုင်ဝန်ကြီးချုပ်နေရာပေးဖို့ တောင်းဆိုမယ်လို့ သတင်းတွေ ထွက်နေတယ်။ အဲဒီအပေါ်ဘာများပြောချင်ပါသလဲ။

ဦးသာထွန်းလှ - အဲဒါကတော့ သတင်းမီဒီယာက တစ်ဆင့် ကျွန်တော်တို့ ANP ပါတီက မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ယောက်က မိမိဆန္ဒသဘောထားကို သတင်းမီဒီယာကို ဖြေကြား လိုက်တယ်လို့ အဲဒီလိုပဲ ယူဆပါတယ်။ အဲဒီ ပုဂ္ဂိုလ်ရဲ့ သဘောဆန္ဒတွေကို သတင်းမီဒီယာက လှမ်းမေးလို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သဘောဆန္ဒအတိုင်းဖြေလိုက်တယ်လို့ ကျွန်တော်တို့ အဲဒီလို သုံးသပ်ပါတယ်။

မေး - ဟုတ်ကဲ့။ ရခိုင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မဲ့သူက ဘယ်လိုလူမျိုးဖြစ်သင့်ပါသလဲ။

ဦးသာထွန်းလှ - အမှန်က ဝန်ကြီးချုပ်ဆိုတာက ရခိုင်ပြည်နယ်လွှတ်တော်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့ အရေးကြီး ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ လွှတ်တော် အခင်းအကျင်းဖြစ်ဖို့ အရေးကြီးသလို၊ ဝန်ကြီးချုပ်ကလည်း ရခိုင်ပြည်နယ်လွှတ်တော်ကို တာဝန်ခံတဲ့၊ တာဝန်ယူတဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လွှတ်တော် အင်္ဂါရပ်နဲ့ပြည့်စုံတဲ့၊ ပြည်သူအများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်အခင်းအကျင်းဖြစ်အောင် ဖန်တီးပြီး ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောတူတဲ့လွှတ်တော်ကိုယ်စားလှယ်က ဝန်ကြီးချုပ် ဖြစ်လာဖို့ အရေးကြီးတယ်လို့ ကျွန်တော် အဲဒီလိုမြင်ပါတယ်။

မေး -  ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။  ဖြည့်စွက်ပြောစရာများရှိရင် ပြောနိုင်ပါတယ်။

ဦးသာထွန်းလှ - ဟုတ်ကဲ့။ အနိုင်ရပါတီ NLD နဲ့ ဒီတိုင်းရင်းသားပါတီတွေ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အခင်းအကျင်းဖန်တီးတာကိုတော့ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင် ကြိုဆိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  NLD ပါတီကလည်း ၂ဝ၁၅ရွေးကောက်ပွဲ အလွန်တုန်းကလည်း တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက် ဆံမှုလုံးဝမရှိခဲ့တဲ့ အခြေအနေမျိုး ရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာ ၂ဝ၂ဝရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ယူဆတယ်။ အဲတာကြောင့် အခုလို ကော်မတီဖွဲ့ပြီး တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် အခင်းအကျင်း ဖန်တီးတဲ့ အခင်းအကျင်းကိုတော့  ကြိုဆိုတယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...