ရှမ်းပြည်နယ်တွင် ယခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းမတင်သွင်းသူ လေးဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ ကုန်ကျစရိတ် ပုံစံ ၂၀ မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများမှာ ကျိုင်းတုံ မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦး ၊ မိုင်း ယန်းမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တစ်ဦး နှင့် မိုင်းပန်မြို့နယ် တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ နှစ်ဦး ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော်တွင် ကျား ၁၉၄ ဦးနှင့် မ ၄၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ကျား ၅၁ ဦးနှင့် မ ၁၇ ဦး၊ ပြည်နယ်လွှတ်တော် ၁ တွင် ကျား ၂၁၂ ဦးနှင့် မ ၄၄ ဦး၊ ပြည်နယ်လွှတ်တော် ၂ တွင် ကျား ၁၉၆ ဦး နှင့် မ ၄၆ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်တွင် ကျား ၂၉ ဦးနှင့်၊ မ ခုနစ်ဦးရှိကြောင်း ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။
ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၅၀ နှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၀၀ ထိ အသုံးပြုခွင့်ရရှိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၇ အရ ရွေးကောက်ပွဲအသုံးစရိတ်များကို ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အမည်ကြေညာသည့်ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း တင်ပြရန် ပြဌာန်းထားသည်။
ရွေးကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲအသုံးစရိတ်များကို အချိန်မီတင်သွင်းခြင်း မရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမည်ဖြစ်ကြောင်း သိရသည်။