ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်မူအပေါ် ကျေနပ်မူမရှိဟုဆိုကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်ခိုင်ဖြိုး (USDP) ပါတီဝင်အချို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဗန်းမော်ခရိုင် USDP ရုံးတွင် ဒီဇင်ဘာလ ၂၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မအနေနဲ့ ရှုံးခြင်း၊ နိုင်ခြင်းအပေါ်မှာ ဘာမှအငြင်းပွားစရာမရှိပါဘူး။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးမှာ မှန်မှန်ကန်ကန် မျှမျှတတနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ်။ မမှန်မကန် မမျှတတဲ့ရွေးကောက်ပွဲအဖြစ် သမိုင်းဟာ အင်မတန်ရိုင်းသွားမှာဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင်ဦးဆောင်သည့် ဒေါ်ယဉ်ယဉ်ထွေးကပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား လူဦးရေ ၃ဝ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်မဲများ စစ်ဆေးပေရေး-ဒို့အရေး၊ တစ်နိုင်ငံလုံး မဲမသမာမူများ ဝိုင်းဝန်းတားဆီးရေး - ဒို့အရေး၊ တရားမဲ့ပြုလုပ်သူများ ဖော်ထုတ်ရေး၊ တာဝန်ယူမူတာဝန်ခံမူရှိသော ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပေးရေး - ဒို့အရေး၊ မှန်ကန်မျှတမူမရှိတဲ့ ကော်မရှင် - အလိုမရှိ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ - ဆန့်ကျင်ကြ၊ နိုင်ငံတော်ငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်း - အလိုမရှိ အစရှိသည့် ကြွေးကြော်သံများဖြင့် ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"ကျွန်တော်တို့ ဗန်းမော်ခရိုင်မှာတော့ ရွေးကောက်ပွဲကာလတစ်လျှောက်လုံး လာတိုင်တန်းတဲ့အမှုတွေ တစ်ခုမှမရှိပါဘူး။ သူတို့လည်း ဆန္ဒထုတ်ဖော်တယ်ဆိုတာက နိုင်ငံသားတွေရဲ့ လွှတ်လပ်စွာထုတ်ဖော်ခွင့်ရှိလို့ လုပ်ကြတာလို့ဘဲမြင်တယ်။ တစ်ခြားတော့ ဘာမှပြောစရာမရှိတော့ပါဘူး” ဟု ဗန်းမော်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်သိန်းကပြောသည်။
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဗန်းမော်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၈ ဦးရှိခဲ့သည်။
ကချင်ပြည်နယ်တစ်ခုလုံးအနေဖြင့် တစ်သီးပုဂ္ဂလအပါအဝင် ပါတီ ၁၇ ခုမှ ကိုယ်စားလှယ်လောင်း ၄၁၀ ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။
ကချင်ပြည်နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်အား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများအား USDP ပါတီဝင်အချို့က ပြုလုပ်လျက်ိပြီး ဒီဇင်ဘာ ၂၂ ရက်ကလည်း မိုးကောင်းမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။