မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုပြုလုပ်

မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုပြုလုပ်
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလတွင် မော်လမြိုင်မြို့ပေါ်၌ အင်အားပြ လှည့်လည်နေသော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများအားတွေ့ရစဉ်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလတွင် မော်လမြိုင်မြို့ပေါ်၌ အင်အားပြ လှည့်လည်နေသော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများအားတွေ့ရစဉ်။

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများက ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့တွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

 

ပြည်ခိုင်ဖြိုးပါတီ၏ မုဒုံမြို့တွင် လှုပ်ရှားမှုသည် ပြည်နယ်အတွင်း ဒုတိယအကြိမ်မြောက် လှုပ်ရှားမှု ဖြစ်ပြီး မုဒုံမြို့ရှိ ပါတီဝင်းအတွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခွဲ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောတယ်။

 

ပြည်ခိုင်ဖြိုးပါတီသည် မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုအဖြစ် သံဖြူဇရပ်မြို့နယ် ပါတီရုံးရှေ့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်ကပြုလုပ်ခဲ့သည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းမမှန်ကန်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အနိုင်ရပါတီအနေဖြင့် နိုင်ငံတော်ပိုင်ငွေနှင့် မဲဆွယ်စည်းရုံးခြင်းများကို သဘောမကျ၍ ယခုလိုဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများအနေဖြင့် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်စလုံးတွင် လှုပ်ရှား ဆောင်ရွက် သွားရန်စီစဉ်ထားပြီး တတိယအကြိမ်လှုပ်ရှားမှုကို သထုံခရိုင် သထုံမြို့နယ်တွင် လာမယ့် ဒီဇင်ဘာ ၂၇ ရက်၌ ပြုလုပ်သွားမည်ဖြစ်သည်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမင်းဌေးက ပြောသည်။

 

“သထုံခရိုင် သထုံမြို့မှာတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှာ ပါတီရုံးဝင်းအတွင်းမှာပဲ ဆန္ဒထုတ်ဖော်ဖို့ရှိနေတယ်။ လူအင်အားအနေနဲ့က ၂၅ ယောက်ပါပဲ။ အယောက် ၃၀ ကျော်လွန်ရင်တော့ ရုံးဝင်းအပြင်ကနေ ဝန်းရံပေါ့” ဟု ၎င်းကပြောသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲများကို ရွေးကောက်ပွဲဖြစ်စဉ်များအား ကျေနပ်မှုမရှိသည့် ပြည်ခိုင်ဖြိုးဝန်းရံ ထောက်ခံသူ များက လုပ်ဆောင်ကြခြင်းဖြစ်ပြီး ပါတီအနေဖြင့် သတ်မှတ် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖြစ်စေရန် ကူညီထိန်းမတ်ပေးခြင်းသာဖြစ်ကြောင်း ပါတီခေါင်းဆောင်များပြောသည်။

 

ပြည်ခိုင်ဖြိုးပါတီ၏ မွန်ပြည်နယ်အတွင် လှုပ်ရှားဆောင်ရွက်သည့် ဒီအစီအစဉ်များနှင့်ပတ်သက်၍ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS - Ye Social Society) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက "ဒီဆန္ဒပြမှုဟာ နိုင်ငံတကာသိဖို့၊ အများပြည်သူသိဖို့၊ သတင်းမီဒီယာမှာ Issue တစ်ခုအနေနဲ့ တက်လာဖို့အတွက် ရည်ရွယ်ပုံပေါက်ပါတယ်။ ဥပဒေအရကတော့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ခြင်း၊ အချက်အလက်တွေနဲ့ ကန့်ကွက်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကန့်ကွက်ခြင်းတွေ လုပ်တာကပဲ ပိုပြီးထိရောက်တယ်လို့ ကျွန်တော်တော့ မြင်မိပါတယ်။ ဆန္ဒပြခြင်းဆိုတာက ဥပဒေနဲ့အညီ ဘယ်လိုပဲလုပ်လုပ်၊ ကိုဗစ် - ၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘယ်လိုပဲလုပ်လုပ် မလိုလားအပ်တဲ့ ရောဂါပြန့်ပွားမှုတွေကို ဖြစ်စေနိုင် တယ်၊ လူစုလူဝေးတွေ ဖြစ်သွားနိုင်တယ်။ အဲဒါကို ဆိုလိုတာ။ တကယ်ကန့်ကွက်စရာ ရှိလို့ရှိရင် သတင်းအချက်အလက် မှန်မှန်ကန်ကန် ရယူပြီးတော့မှ ဥပဒေနဲ့အညီ၊ နည်းဥပဒေနဲ့အညီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာက ပိုပြီး အဆင်ပြေတယ်လို့ ယုံကြည်ပါတယ်" လို့ မှတ်ချက်ပြုသည်။

 

မွန်ပြည်နယ်၏ မဲဆန္ဒနယ် ၄၅ နေရာတွင် နိုင်ငံရေးပါတီ ၁၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၄ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...