မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကာလအတွင်းက ခန့်အပ်ထားသည့် အထူးရဲများထဲမှ ၁၀ ဦးကို ရဲတပ်ဖွဲ့အတွင်း ပြန်လည်ခန့်အပ်ထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရွေးကောက်ပွဲကာလအတွင်း မွန်ပြည်နယ်တွင် အထူးရဲအင်အား ၉၇၀ အသုံးပြုခဲ့ပြီး ထိုထဲမှ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်လိုသူများကို အရည်အချင်းသတ်မှတ်ချက်များဖြင့် ကိုက်ညီသူဖြစ်ပါက ရဲတပ်ဖွဲ့၌ ပြန်လည်ခန့်အပ်ခဲ့သည်ဟု ဆိုသည်။
“အရည်အချင်းသက်မှတ်ချက်ကတော့ ရိုးရိုးရဲတပ်သားလျှောက်တဲ့အတိုင်းပါပဲ။ အရပ်က ၅ ပေ ၂။ ၈ တန်းအောင်ပေါ့။ ကိုယ်အလေးချိန်က အနည်းဆုံးပေါင် ၁၀၀ ရှိရမယ်။ ထိုးကွင်းတို့ ဆေးမှင်တွေပါလို့လည်းမရဘူး။ သာမန်ရဲတပ်သားခေါ်တဲ့အတိုင်းပါပဲ” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးမျိုးအောင်က ပြောသည်။
ရွေးကောက်ပွဲကာလ မဲရုံလုံခြုံရေးတာဝန်များနှင့်ပတ်သက်၍ အထူးရဲများကို ပြင်ပမှခေါ်ယူ၍ ကာလတိုခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦးနှုန်း ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးရဲများကို ကာလတိုခန့်အပ်သည်ဟုဆိုသော်လည်း ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအတိုင်း ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အထူးရဲများသည် ရဲတပ်ဖွဲ့ဝင်များနည်းတူ တာဝန်ချထားတဲ့နေရာဒေသတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကာ ကာလအားဖြင့် ၄၅ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရကြောင်းနှင့် ယင်းသို့တာဝန်ထမ်းဆောင်နေစဉ် ယူနီဖောင်းဝတ်စုံပြည့်ဝတ်ဆင်ကာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လစာနှင့်ရိက္ခာများ ခံစားခွင့်ရရှိကြောင်း သိရသည်။
၎င်းတို့အနေဖြင့် အထူးရဲကာလတာဝန်ထမ်းဆောင်ပြီးပါက ရဲတပ်ဖွဲ့သို့ ဝင်ရောက်နိုင်သော်လည်း အရည်အချင်းများ ပြန်လည်စစ်ဆေးခံရမည်ဖြစ်ပြီး အောင်မြင်ပါက အမြဲတန်းတပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။