တပ်ချုပ်၏သဝဏ်လွှာတွင် ကမန်လူမျိုးကို ထည့်သွင်းဖော်ပြခြင်းမပြုသည့်အပေါ် တွေ့ဆုံရှင်းလင်းပေးရန် ကမန်တိုင်းရင်းသားပါတီ တောင်းဆို

တပ်ချုပ်၏သဝဏ်လွှာတွင် ကမန်လူမျိုးကို ထည့်သွင်းဖော်ပြခြင်းမပြုသည့်အပေါ် တွေ့ဆုံရှင်းလင်းပေးရန် ကမန်တိုင်းရင်းသားပါတီ တောင်းဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ခုနစ်မျိုးရှိသည့်အနက် တပ်ချုပ်၏သဝဏ်လွှာတွင် ခြောက်မျိုးသာဖော်ပြခဲ့ပြီး ကမန်လူမျိုးကို ထည့်သွင်းဖော်ပြခြင်းမပြုသည့်အပေါ် တွေ့ဆုံရှင်းလင်းပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စာပို့တောင်းဆိုထားကြောင်း ကမန်တိုင်းရင်းသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

“မြန်မာ့တပ်မတော် အကြီးအကဲတစ်ဦးအနေနဲ့ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းနဲ့ အရှိတရားကို အပြုသဘောဆောင်တာကို ကျွန်တော်တို့က ဖြစ်စေချင်တယ်။ အဲဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျွန်တော်တို့မျိုးနွယ်စုကို ဘာကြောင့် ချန်လှန်ထားခဲ့တယ်ဆိုတာကို သိချင်တယ်။ ကမန်ကို မလေးစားတဲ့သဘော၊ အသိအမှတ်မပြုလိုတဲ့သဘောကြောင့်လား။ အမှန်တကယ်အားဖြင့် ချန်လှန်ထားတဲ့သဘောလား။ သို့မဟုတ် ထုတ်ပြန်ချက်ထုတ်တဲ့အချိန်ခါများ ကျန်ရှိနေခဲ့တာလား။ အဲဒီအကြောင်းကို ကျွန်တော်တို့မျိုးနွယ်စုနွယ်က ပွင့်ပွင့်လင်းလင်း နားလည်သဘောပေါက်ဖို့လိုအပ်တယ်လို့ ကျွန်တော်တို့မျိုးနွယ်စုတွေက လက်ခံယုံကြည်တယ်။ ကျွန်တော်တို့ပါတီကလည်း ဒီအတိုင်းပဲ ဆုံးဖြတ်တယ်အတွက် ကျွန်တော်တို့ပါတီအနေနဲ့ တင်ပြတောင်းဆိုရတာဖြစ်တယ်” ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က ကျရောက်သော ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာထဲ၌ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စုဝင်များကို ဖော်ပြရာတွင် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီနှင့် မရမာကြီးတို့ကိုသာဖော်ပြခဲ့ပြီး ကမန်လူမျိုးကို ဖော်ပြခဲ့ခြင်းမရှိပေ။

အစိုးရနှင့်တပ်မတော်သည် တိုင်းရင်းသားများအား အကူအညီပေးမည့်အစား ယခုလို ဥပက္ခောပြုထားခြင်းများမှာ လုံးဝမဖြစ်သင့်သော ကိစ္စတစ်ခုဖြစ်ပြီး တပ်ချုပ်အနေဖြင့် တွေ့ဆုံရှင်းလင်းပေးရန် တောင်းဆိုရခြင်းသည် ရခိုင်ဒေသတစ်ခုတည်းအတွက်မဟုတ်ဘဲ  မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား ၁၃၅ မျိုးလုံး၏အကျိုးကိုရည်မှန်း၍ တောင်းဆိုရခြင်းဖြစ်သည်ဟု ဦးတင်လှိုင်ဝင်းက ဆက်လက်ပြောသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၀ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ သုံးနေရာ၊ ရခိုင်ပြည်နယ်၌ နှစ်နေရာ စုစုပေါင်းငါးနေရာ ဝင်ရောက်ပြိုင်ခဲ့ကြောင်းနှင့် ၎င်းပါတီအနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ အထိ ရွေးကောက်ပွဲ သုံးကြိမ်လုံးကို ဝင်ပြိုင်ခဲ့သည့်ပါတီဖြစ်သော်လည်း တစ်ကြိမ်မှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။

ကမန်တိုင်းရင်းသားသည် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်ပြီး အစ္စလာမ်ကိုးကွယ်သည့် တစ်ခုတည်းသော လူမျိုးစုဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...