ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးသင့်ဟု မိသားစုဝင်များပြော

ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးသင့်ဟု မိသားစုဝင်များပြော
by -
ကောင်းကျော်နိုင်

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ဖမ်းဆီးထိမ်းသိမ်းထားခြင်းကိုခံခဲ့ရသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးအား ပြန်လွှတ်ပေးသင့်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် မြန်မာတပ်မတော်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် ကြိုးပမ်းနေကြချိန်တွင် ဖမ်းဆီးထားသော လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လွှတ်ပေးစေချင်ကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေါ်နီနီမေမြင့်၏ အမျိုးသားကပြောသည်။

“ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲလည်းပြီးပြီ။ AA အဖွဲ့ကလည်း ပြောဆိုထားတဲ့အတိုင်း ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့အတွက်၊ တပ်မတော်ရော၊ အစိုးရရော ကမ်းလှမ်းမှုတွေ လုပ်ထားပြီးပြီ။ တပ်မတော်နဲ့ AA နဲ့လည်း တွေ့ဆုံမှုတွေလုပ်ထားပြီးပြီ။ အဲလိုဆိုတော့ ဒီငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ပဲရှိတော့တာပါ။ အဲလိုအခြေအနေမှာ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နီနီမေမြင့်၏ အမျိုးသားဖြစ်သူ ဦးလင်းနိုင်က ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ရခိုင်ပြည်နယ်၏ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မေတ္တာရပ်ခံတောင်းဆိုထားသည့်အတွက် ဖမ်းဆီးခံထားရသူများအတွက် အခြေအနေကောင်းတစ်ရပ်ဖြစ်ရန် မျှော်လင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မချစ်ချစ်ချော၏မိခင် ဒေါ်မေသီက ပြောသည်။

“သမ္မတကြီးကလည်း ပြန်ပြီးတော့ ရွေကောက်ပွဲလုပ်ပေးဖို့ပြောတယ်ဆိုတော့ သူတို့အတွက်တော့ အလားအလာကောင်းမယ်လို့ ထင်တယ်လေ။ အဲလိုမျိုးလည်း မျှော်လင့်တယ်ပေါ့နော်။ ပြန်ပြီးတော့ လွတ်မြောက်ဖို့ပဲ ပြောချင်ပါတယ်။ လက်ရှိအစိုးရနဲ့ တပ်မတော်ကိုလည်း သူတို့ရဲ့လွတ်မြောက်ဖို့အတွက် အမြန်ဆုံး ညှိညှိနိုင်းနှိုင်းနဲ့ လုပ်ဆောင်ပေးစေချင်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

AA ကဖမ်းဆီးထိန်းသိမ်းခဲ့သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှဖြစ်ပြီး တောင်ကုတ်မြို့နယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်စည်ပင်ဝန်ကြီဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မချစ်ချစ်ချောတို့ဖြစ်ပြီး ၎င်းတို့သည် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာ၌ မဲဆွယ်နေစဉ် AA အဖွဲ့က ရောက်ရှိလာပြီး စစ်ဆေးစရာများရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

AA အဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးသွားသည်မှာ နှစ်လကျော်ပြီဖြစ်သော်လည်း အဆက်အသွယ်မရသဖြင့် ၎င်းတို့၏ ကျန်းမာရေးအတွက် အထူးစိုးရိမ်မိကြောင်း မိသားစုဝင်များက ပြောသည်။

သို့သော်လည်း ဖမ်းဆီးခံထားရသူများ ကျန်းမာလျက်ရှိကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိုဝင်ဘာ ၁၃ ရက်တွင် သတင်းမီဒီယာတစ်ခု၌ ပြောဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...