သံဖြူဇရပ်တွင် UEC ၏လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူများဆန္ဒပြ

သံဖြူဇရပ်တွင် UEC ၏လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူများဆန္ဒပြ
by -
စိုင်းထွန်းစံ (MNA)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူများက ဆန္ဒထုတ်ဖော်မှုတစ်ခု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှုကို လူဦးအင်အား ၃၀ ခန့်ဖြင့် သံဖြူဇရပ်မြို့နယ် အောင်သာယာရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က UEC ကိုဆန့်ကျင်းကြောင်း ဆန္ဒပြတာပါ။ မှတ်ပုံတင်မရှိတဲ့သူတွေ မဲပေးကြတယ်။ အသက်မ ပြည့်သေးတဲ့ ကလေးတွေ မဲပေးခွင့်ရကြတယ်။ မဲနှစ်ခါထည့်သွားတဲ့ သူတွေလဲရှိတယ် စသည်ဖြင့် တွေ့နေမြင်နေ ရတာတွေ ရှိပါတယ်” ဟု သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုးနိုင်က ပြော ကြားခဲ့သည်။

ယခုနှစ် နိုဝင်ဘာ ၈ရက်ကကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာ ၌ မဲပေးခွင့်ရှိသူ ၃၄၀၂ ဦးအနက် ၁၅၇၅ ဦးသာ ဆန္ဒမဲလာရောက်ပေးခဲ့သော်လည်း မဲရုံပိတ်သိမ်းပြီးနောက် မဲရေတွက်သည့်အခါတွင် ၁၇၇၅ ဦးဖြစ်နေပြီး မဲ ၂၀၀ ခန့်ပိုနေသည်ဟု ဆိုသည်။

ထို့ပြင် သံဖြူဇရပ်မြို့နယ်အတွင်း မဲပေးသည့်ရက်မတိုင်မီ မဲဆန္ဒရှင်များထံသို့ မဲစလစ်များ အချိန်မီ မရောက်ရှိသည်ကို တွေ့ရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါ်နီနီသန်းက ပြောသည်။

ဒေါ်နီနီသန်းက “မဲစလစ်တွေအကုန် လိုက်မပေးကြဘူး။ တာဝန်ခံဆိုသူတွေကို လိုက်မေးတယ်။ ဘယ်မှာလည်းမဲစလစ်တွေပေါ့။ တခြားတစ်ယောက်စီမှာလို့ပြောတယ်။ မဲစလစ်တွေ အစုံအစိမရကြဘူး” ဟု ပြောသည်။

ကိုဗစ်ကာလ နိုင်ငံတော်ကထောက်ပံ့ကြေးပေးသည့် အခါတွင်လည်း ကျိုက်ခမီမြို့ အောင်သုခရပ်ကွက်တွင်  NLD ပါတီကထောက်ပံ့ကြေး ပေးသည့်ပုံစံမျိုး လုပ်ဆောင်သည်ကို တွေခဲ့ရသည်ဟု ၎င်းကဆက် လက် ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူများက တစ်နိုင်ငံလုံးရှိမဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေး ဖေါ်ထုတ်ပေးရေး ဒို့အရေး၊ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ၊ ကလေးတွေမဲပေးတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိသော ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ နိုင်ငံတော်ငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်း အလိုမရှိ၊ မဲစာရင်း မမှန်တဲ့ ရွေးကောက်ပွဲ အယုံအကြည်မရှိ၊ မဲခိုးမဲတိုးတဲ့ ကော်မရှင် အလိုမရှိ၊ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ဒို့အရေး ဟူ၍ အချက်ရှစ်ချက်ကိုကြွေးကြော်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...