မော်လမြိုင်ခရိုင်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်း

မော်လမြိုင်ခရိုင်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်း
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင်ခရိုင်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း နှစ်ဦးသည် သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခဲ့ခြင်းမရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

မော်လမြိုင်ခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၉ ဦးရှိသည့်အနက် သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်အား ၎င်းတို့နှစ်ဦးမှလွဲ၍ ကျန်ကိုယ်စားလှယ်လောင်း ၁၂၇ ဦးလုံး တင်သွင်းခဲ့ကြောင်း သိရသည်။

“ဆက်သွယ်တယ်။ သူတို့ကိုဖုန်းတွေနဲ့ဆက်သွယ်ပေးတာပေါ့နော်။ ခရီးလွန်နေတာတွေ၊ မလာနိုင်တာတွေကြောင့် သူတို့မတင်ဖြစ်တာ။ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစီရင်ခံစာတင်မှာပေါ့။ အခုကြေညာပြီး ၁၅ ရက်အတွင်းမှာ UEC ကို အယူခံဝင်လို့ရတယ်ပေါ့” ဟု မော်လမြိုင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်ကပြောသည်။

ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းခဲ့သူများသည် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် တစ်သီးပုဂ္ဂအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်ဦးအုန်းဖေနှင့် ရေးမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ တွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဗညာအောင်ခိုင်တို့ဖြစ်ကြောင်း သိရသည်။

ထိုကိုယ်စားလှယ်လောင်းနှစ်ဦးသည် သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိသဖြင့် အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခြင်းခံရမည်ဟု ဆိုသည်။

အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရပါက ဥပဒေပုဒ်မ ၈၈ (ဂ) အရ လာမည့် လွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပေ။

ထို့အတူ မွန်ပြည်နယ် သထုံခရိုင်တွင်လည်း ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ခြောက်ဦးအထိရှိကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...