ချင်းပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကျပ်သိန်းတစ်သောင်းဝန်းကျင်ခန့် ကုန်ကျခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က ပြောသည်။
“ကျွန်တော်တို့ပြည်နယ်က လူဦးရေနည်းပေမယ့် ကုန်ကျစရိတ်တော့ ပိုများတယ်။ ပြည်နယ်တစ်ခုလုံးမှာ ကျပ်သိန်းတစ်သောင်းဝန်းကျင် ကုန်တယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတိုင်း သွားရတာဆိုတော့ တိုင်းနဲ့ပြည်နယ် တစ်ခုခြင်းမတူဘူး။ ကျွန်တော်တို့ပြည်နယ်က လမ်းပန်းဆက်သွယ်ရေး အခက်ခဲရှိတယ်။ အဌားဆိုင်ကယ် အဌားကားတွေမရှိဘူး။ ဌားရမ်းခတွေကများတယ် နောက်ပြီး မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေကလည်း သူတို့တာဝန်ကျတဲ့ နေရာတွေကို သူတို့ကိုယ်ပိုင်ဆယ်ကယ်တွေနဲ့ လာရတယ်။ ရပ်/ကျေးတွေလည်း ဒီလိုဘဲလာရတယ်။ ကျွန်တော်တို့ဖက်က ဆီဖိုးလောက်ဘဲပေးနိုင်တာ သူတို့ရောက်တဲ့ချိန်မှာလည်း ဒီမှာက တည်းခိုခန်းတွေက မရှိတော့ သူတို့အမျိုးအိမ်မှာတွေ ကျောင်းမှာတွေ အိပ်ကျရတယ်။ ကုန်ကျစရိတ်များတယ်ဆိုတာတောင်မှ အမှန်တကယ်ကုန်ကျစရိတ်ကို မပေးနိုင်ဘူး” ဟု ၎င်းကပြောသည်။
ချင်းပြည်နယ်သည် အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ငွေကြေးအကုန်ကျ ပိုများရခြင်းဖြစ်ကြောင်းနှင့် ယခုနှစ် ကုန်ကျစရိတ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့စဉ်ကထက် ပိုများပြားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က ပြောသည်။
ချင်းပြည်နယ်တွင် မြို့နယ်ကိုးခုရှိရာ တီးတိန်မြို့နယ်တွင် မဲရုံ ၁၄၀ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၅၆,၇၆၄ ဦး၊ တွန်းဇံမြို့နယ်တွင် မဲရုံ ၈၃ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၁၇,၈၂၇ ဦး၊ ဖလမ်းမြို့နယ်တွင် မဲရုံ ၁၆၉ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၉,၂၇၃ ဦး၊ ကန်ပက်လက်မြို့နယ်တွင် မဲရုံ ၈၀ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၁၄,၇၁၂ ဦး၊ မင်းတပ်မြို့နယ်တွင် မဲရုံ ၁၁၆ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၀,၇၀၆ ဦး၊ ပလက်ဝမြို့နယ်တွင် မဲရုံ ၁၉ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၁၆,၀၀၂ ဦး၊ မတူပီမြို့နယ်တွင် မဲရုံ ၁၅၀ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၈,၀၁၉ ဦး ၊ ထန်တလန်မြို့နယ်တွင် မဲရုံ ၁၀၅ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၃,၈၀၆ ဦး၊ ဟားခါးမြို့နယ်တွင် မဲရုံ ၉၅ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၉,၂၀၄ ဦးစုစုပေါင်း မဲရုံ ၉၅၇ ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၂၈၆၃၁၃ ဦးရှိကြောင်း သိရသည်။