မြစ်ဆုံရေကာတာအပါအဝင် ဧရာဝတီမြစ်ဆုံအထက်ဖက် မြစ်ညာ မြစ်ဝှမ်းများပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူများ၏ သဘောထားအတိုင်း ရပ်တည်သွားမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်းက “အဓိကက ပြည်သူလူထုရဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့်မို့လို့ပဲ အခုအချိန်မှာ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ နောက်နောင်ကိုလည်း ပြည်သူလူထု မကြိုက်တဲ့ဟာကို ဘာမှလုပ်ဖို့လည်း ကျွန်တော်တို့ပါတီအနေနဲ့လည်း သဘောထားမရှိဘူး။ ဒါကြောင့် ပါတီအရရော ကျွန်တော့်အနေနဲ့ရော ပြည်သူလူ ထုအနေနဲ့ရော ဒီဟာကို လုံးဝဆန့်ကျင်တယ်ဆိုတာကို ကျွန်တော်တင်ပြလိုပါတယ်” ဟုပြောသည်။
ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွမ်နှင့် တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုတို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံရာ၌ ဧရာဝတီမြစ်ဆုံအထက်ဖက်ရှိ မြစ်ညာ မြစ်ဝှမ်းများပေါ်တွင် ရေကာတာ တည်ဆောက်မည်ဆို ပါက ဖြစ်နိုင်သည့် အနေအထားများရှိသည်ဟု ပြောဆိုမှုအပေါ် KSPP က ပြောဆို လိုက်ခြင်းဖြစ်သည်။
“ဘယ်သူပဲ ပြောပြောပေါ့။ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းလည်းမရှိပါဘူး။ KBC ပဲ ပြော ပြော၊ ဘယ်သူပဲ ပြောပြောပေါ့။ ဒီစစ်တပ်ပဲ ပြောပြော၊ ND အစိုး ရပဲ ပြောပြော ကျွန်တော်တို့ လက်ခံနိုင် စရာ အကြောင်းလည်းမရှိဘူး။ လက်ခံလည်း လက်ခံမှာ မဟုတ်ဘူး” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်လက် ပြောသည်။
ဧရာဝတီမြစ်အထက်ဖက်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများမှာ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ် ဝှမ်း ရေကာတာ စီမံကိန်းများအပြင် ငေါ့်ချမ်းခရေအား လျှပ်စစ်စီမံကိန်း တို့ရှိနေပြီး လက်ရှိစာရင်းများ အရ စုစုပေါင်း ရေကာတာစီမံကိန်း ၁၁ ခု ရှိသည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်းအပြင် မေခနှင့် မလိခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများမှာ ချီဖွေ၊ ဝဆုတ်၊ ဖီဆာ၊ ခေါင်လန်ဖူး၊ ရီနန်နှင့် လာဇာ ရေကာတာ စီမံကိန်း တို့ဖြစ်ပြီး ငေါ့်ချမ်းခမြစ်ပေါ်တွင် လောင်းဒင်၊ ခန်ကန်း၊ ဂေါလန်၊ တုံရှင်းချောင်း စီမံကိန်းတို့ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG ၏ စာရင်းများအရ သိရသည်။
လက်ရှိ နိင်ငံရေး အခင်းအကျင်းများအောက်တွင် ရေကာတာ စီမံကိန်းများနှင့် အကြီးစား စီမံကိန်းများကို လုပ်ဆောင်ရန် မသင့်ကြောင်းနှင့် ထိုစီမံကိန်းများကို တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တော် တည်ဆောက်နိုင်ပြီးနောက်ပိုင်းမှသာ စီမံကိန်းများကို လုပ်ဆောင်သင့် မလုပ်ဆောင် သင့် စဉ်းစားရမည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
၎င်းက “ကျွန်တော်တို့ နိုင်ငံဟာ ဖက်ဒရယ်နိုင်ငံ တစ်ခုတည်ဆောက်ဖို့ သွားမယ်ဆိုတဲ့အဆင့်လောက်ပဲ ရှိတယ်။ ဒါကြောင့်လည်း ဒီဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့လိုတယ်။ နောက်တစ်ချက်က ကိုယ်ပိုင်ပြ ဌာန်းခွင့် လိုတယ်။ ဒေသခံတွေနဲ့ အဲဒီအချိန်မျာ ညှိနှိုင်းဆောင်ရွက်ပြီးမှ ကျွန်တော်တို့ ဆောက်သင့်တယ် မဆောက် သင့်ဘူး ဆိုတဲ့ ဟာမျိုးကို ပြန်ပြီးမှ စဉ်းစားဖို့လိုတယ်” ဟုပြောသည်။
မြစ်ဆုံရေကာတာစီမံကိန်းအပြင် မေခမြစ်ပေါ်တွင် ငါးခု၊ မလိခမြစ်ပေါ်တွင် တစ်ခုနဲ့ ငေါ့ချန်းခမြစ်ပေါ် တွင် လေးခု စုစုပေါင်း ရေကာတာ ၁၁ ခု တည်ဆောက်သွားရန် ယခင် စစ်အစိုးရက CPI ကုမ္ပဏီ၊ တရုတ်အစိုးရ တို့နှင့် သဘောတူ ထားကြပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဆိုင်းငံ့ထားခဲ့ရာမှ ယခု NLD အစိုးရ လက်ထက်တွင် တရုတ်က ပြန်လည် ကမ်းလှမ်းမှုများရှိလာကြောင်း သိရသည်။
သမ္မတဦးသိန်းစိန် သက်တမ်းတလျှောက် ယာယီရပ်ဆိုင်းခဲ့သည့် အဆိုပါ ရေကာတာစီမံကိန်းများကို လုံးဝရပ် ဆိုင်းပေးရန် အစိုးရသစ်၊ တက်လာမည့် အစိုးရအဆက်ဆက်ကိုလည်း ဆက်လက်တောင်းဆို သွားမည်ဖြစ် ကြောင်း နိုင်ငံအတစ်ဝှမ်းရှိ ပြည်သူများနှင့် မြစ်ဆုံဒေသခံများက ပြောဆိုထားသည်။