ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားပါတီများပူးပေါင်းပါဝင်ရန် NLD ၏ဖိတ်ခေါ်ချက် တိုင်းရင်းသားပါတီ ၁၄ ခုသာ အကြောင်းပြန်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားပါတီများပူးပေါင်းပါဝင်ရန် NLD ၏ဖိတ်ခေါ်ချက် တိုင်းရင်းသားပါတီ ၁၄ ခုသာ အကြောင်းပြန်
by -
မင်းထွန်း (DMG)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် တိုင်းရင်းသားပါတီများပူးပေါင်းပါဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဖိတ်ခေါ်ချက် တိုင်းရင်းသားပါတီ ၁၄ ခုသာ အကြောင်းပြန်ထားကြောင်း သိရသည်။

အဆိုပါဖိတ်ခေါ်စာကို တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုအားပေးပို့ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ပါတီ ၁၄ ကသာ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ပါတီတစ်ခုချင်းစီကိုတော့ မမှတ်မိဘူး။သူတို့ အကြောင်းပြန်တာက ပူးပေါင်းပါဝင်မယ်ဆိုတဲ့အကြောင်း၊ နောက် သူတို့လိုလားချက်တွေ၊ရည်ရွယ်ချက်တွေပါတယ်။ဒါတွေက နောက် ဆက်လက်ဆွေးနွေးတဲ့အခါ အခြေခံရမယ့် အ ကြောင်းတွေ ထည့်လာမှာပေါ့” ဟု ၎င်းက ပြောသည်။

NLDအနေဖြင့် “နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စ"ဟူသည့်ခေါင်းစဉ်ဖြင့် အိတ်ဖွင့်စာတစ်စောင်ကို ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက်တွင် တိုင်းရင်းသားပါတီ ၄၈ ခုသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းစာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ ရည်မှန်းချက်များနှင့် တူညီကြခြင်းကြောင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုး စု များ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင် ရန်တိုက်တွန်းထားသည်။

တိုင်းရင်းသားပါတီများအနေဖြင့် NLD ပါတီအဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ယင်းအိတ်ဖွင့်စာတွင် ရေးသားထားသည်။

NLD ပါတီမှ ပေးပို့သည့်အိတ်ဖွင့်ပေးစာကို လက်ခံရရှိသော်လည်း ယင်းပါတီထံ အကြောင်းမပြန်ရန် ဆုံးဖြတ်ထားကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ရခိုင့်ဦးဆောင်ပါတီ (AFP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

“မပို့ဖြစ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ဘက်ကတော့ NLD ပြောတဲ့ကိစ္စကို ယုံဖို့ခက်သေးတယ်” ဟု ၎င်းကဆိုသည်။

NLD အစိုးရ၏ လက်ရှိငါးနှစ်တာကာလ လုပ်ဆောင်ချက်များသည် သံသယဖြင့်စောင့်ကြည့်ရမည့် လုပ်ရပ်များဖြစ် နေသည့်အတွက် ပူးပေါင်းပါဝင်ရန် အိတ်ဖွင့်ပေးစာပေးသည့် လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်ရ မည်ဖြစ်ကြောင်း ဦးကျော်ဇောဦးက ပြောကြားထားသည်။

NLD၏ ပေးပို့စာနှင့်ပတ်သက်၍ AFPကအကြောင်းမပြန်ဟုဆိုသော်လည်း ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ကြိုဆိုကြောင်း ပြန်လည်ပေးပို့သွားမည်ဟု ၎င်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအနေဖြင့် NLD ပါတီမှ ပေးပို့သည့်အိတ်ဖွင့်စာကို ယခုအချိန်အထိ လက်ခံမရရှိသေးကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

NLD ပါတီနှင့် ပူးပေါင်းရေးသည် ရေရှည်လုပ်ဆောင်ရမည့် ကိစ္စဖြစ်သဖြင့် တိုင်းရင်းသားများနှင့် ဆွေးနွေးမည့် ပုံစံများအားပါတီတွင်း ချပြပြီး သဘောတူပါက အမြန်ဆုံးစမည်ဖြစ်ကြောင်း   ဒေါက်တာမျိုးညွန့်က ဆက်လက် ပြောသည်။

“ဒါဟာ ရည်ရှည်လုပ်ရမယ့်ကိစ္စဆိုတော့ ချက်ချင်းတော့ ဆုံးဖြတ်လို့မရသေးဘူး။ ကျွန်တော်တို့ပါတီက ဆွေးနွေး မယ့်ပုံစံကို သဘောတူပြီးရင်တော့ အမြန်ဆုံးစမှာပါ” ဟု ၎င်းကပြောသည်။

 (NLD)မှ အိတ်ဖွင့်စာပေးပို့ခဲ့သည့် တိုင်းရင်းသားပါတီ ၄၈ ခုထဲတွင် ရခိုင်ပြည်နယ်မှ ရခိုင် အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ကမန် အမျိုးသား တိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီတို့ ပါဝင်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...