ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော်လည်း အများအကျိုး ဆက်လက်ထမ်းဆောင်မည်ဟု ANP မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းပြော

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော်လည်း အများအကျိုး ဆက်လက်ထမ်းဆောင်မည်ဟု ANP မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော်လည်း ပါတီမူဝါဒအတိုင်း အများအကျိုးကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးထိန်လင်းက ပြောသည်။

“ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ် မဖြစ်ဆိုတာထက် အများအကျိုးကို ဘယ်နေရာကပဲဖြစ်ဖြစ်ဆောင်ရွက်ဖို့ဖြစ်တယ်။ လွှတ်တော်ထဲကို ရောက်သွားလို့ရှိရင် လွှတ်တော်ထဲက ဆောင်ရွက်မယ်။ လွှတ်တော်ထဲကို မရောက်နိုင်လို့ဆိုလို့ရှိရင်လည်း ပြင်ပကနေပြီးတော့ အများအကျိုးကို ဆောင် ရွက်မယ်” ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ဒီမိုကေရစီစ နစ်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးဟူ၍ မူဝါဒလေးရပ် ချမှတ်ထားရာ ယင်းမူဝါဒများကို လွှတ်တော်ပြင်ပမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးထိန်လင်းက ပြောသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်မျိုးသားပါတီသည် ပြည်နယ်လွှတ်တော်တွင် ခုနစ်နေရာ၊ ပြည်သူ့လွှတ်တော်တွင် လေးနေရာ၊ အမျိုးသားလွှတ်တော်တွင် လေးနေရာ အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် နေရာအများစုကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်နယ်လွှတ်တော်တွင် လေးနေရာ၊ ပြည်သူ့လွှတ်တောတွင်နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် တစ်နေရာနှင့် ချင်းတိုင်းရင်းသားရေးရာ တစ်နေရာတို့ အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီသည် ပြည်နယ်လွှတ်တော်တွင်  တစ်နေရာ၊ ပြည်သူ့လွှတ်တော်တွင်တစ်နေရာရရှိခဲ့ကာ ရခိုင့်ဦးဆောင်ပါတီ (AFP) က ပြည်နယ်လွှတ်တော်တွင်နှစ် နေရာ၊ ပြည်သူ့လွှတ်တော်တွင်တစ်နေရာအနိုင်ရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းနဲ့ စစ်တွေမြို့နယ်များတွင် ကျင်းပခဲ့ပြီးယင်းမြို့နယ် ရှစ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ရှစ်ပါတီရှိခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...