NLD ကဖော်ဆောင်မည့် အမျိုးသားညီညွတ်ရေးတွင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ရန်လိုအပ်

NLD ကဖော်ဆောင်မည့် အမျိုးသားညီညွတ်ရေးတွင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ရန်လိုအပ်

NLD က ဖော်ဆောင်မည့် အမျိုးသားညီညွတ်ရေးတွင် တိုင်းရင်းသားအရေးကို အမှန်တကယ်လုပ်ဆောင်ပေးနိုင်သည့် ခေါင်းဆောင်များပါဝင်ရန် လိုအပ်ကြောင်း ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစောကျော်စွာ က ပြောသည်။

“တကယ် ညီညွတ်ရေးဆို ဘာအတွက်ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့နော်။ တကယ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ညီညွတ်ရေးဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ပါဝင်သင့်ပါဝင်ထိုက်တဲ့ သူတပါဝင်ဖို့ အရေးကြီးတာပေါ့။ အဲလိုမှ မဟုတ်ပဲ ပါတီညီညွတ်ရေးဆိုပြီး ပါတီအချင်းချင်းသွားရင်လည်း တစ်ခါတစ်လေ ဘာမှ ဖြစ်လာတာ မ ဟုတ်ဘူးလေ။ ဆိုတော့ ကျွန်တော်တို့ကတော့ ဖြစ်စေချင်တာက တော့ သူတို့ရဲ့ စိတ်ထဲမှာ ဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုရင်တော့ ပါတီထက် တကယ့်တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ဖို့တော့ အရေးကြီးတာပေါ့” ဟု ဦးစော ကျော်စွာက ပြောသည်။

ထိုသို့ လုပ်ဆောင်နိုင်မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ကို အ ထောက်အကူပြုမည်ဖြစ်ပြီး ပါတီအလုံးစုံ ညီညွတ်ရေးအတွက် ကိုယ်စားလှယ်များကို NLD အနေဖြင့် စိတ်ကြိုက်ရွေးယူသည့် ပုံစံမျိုး မဖြစ်အောင် သတိပြုရန် လိုအပ်သည်ဟု ကရင့်ရေးရာကော်မတီ အတွင်း ရေးမှူးက ဆက်ပြောသည်။

စောကျော်စွာက “တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးတဲ့ ခေါင်းဆောင်တွေပါသွားလို့ရှိရင်တော့ တိုင်းရင်းသား အချင်းချင်း ပြန်လည်သင့်မြတ်ရေး အားကောင်းလာမှာပေါ့။ တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အား ကိုးတဲ့ သူမဟုတ်ပဲနဲ့ သူတို့စိတ်တိုင်းကျတဲ့ ခေါင်းခေါက်ယူတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒါမှမဟုတ် ခုနက ပါတီအချင်းချင်း ညီညွတ်ချင်လို့ ပါတီကလည်း ခေါင်းခေါက်ယူတဲ့ဟာမျိုးဆိုရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးပဲ” ဟုပြောသည်။

လွတ်လပ်သော သုတေသီ Independent Researcher ဒေါက်တာ ခါလမ်တူးခေါင်ကလည်း “ပါတီ မထောင်ထားတဲ့ တိုင်းရင်းသားတွေလည်းရှိတယ်။ ပါတီမထောင်ထားတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ် စားပြုမှု က အဲဒီမှာ မရှိတော့ဘူး။ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ဆိုပြီးတော့ ခေါ်တာတော့ရှိတာပေါ့နော်။ ဒါပေမယ့် သူတို့လည်း ခေါင်းခေါက်ရွေးတာပဲ ဆိုတော့ သူတို့နဲ့ သံဟဇာတဖြစ်မယ့်လူမျိုး ပြောမယ်ဆိုရင် တော့ မဟုတ် မခံ ပြောမယ့်သူမျိုးတွေကို သိပ်မခေါ်ဘူးလေ။ အဲလိုမျိုးပေါ့ အဲလိုမျိုးလေးတွေတော့ရှိတယ်” ဟုပြောသည်။

NLD ပါတီက ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် လေးရက်အကြာ နိုဝင်ဘာလ ၁၂ ရက်တွင် တိုင်းရင်းသားနိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး ထိုစာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းရေးသားထားသည်။

ထို့အပြင် မည်သည့် အခြေအနေသို့ ရောက်သည်ဖြစ်စေ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်ဟု အဆိုပါပေးပို့စာတွင် ဖော်ပြထားသည်။

အဆိုပါစာနှင့်ပတ်သက်၍ မွန်ညီညွတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီတမက “အဲဒီစာကို ကျွန်တော်တို့ သုံးသပ်ကြည့်တော့ သူက ဆွေးနွေးပွဲ တစ်ခုခုအတွက် ဖိတ်ခေါ်တဲ့ စာလည်းမဟုတ် ဘူး။ နောက် စဉ်းစားဖို့ ကမ်းလှမ်းချက်တစ်ခုခုလည်း မဟုတ်ဘူး။ အဲဒါ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသား ပါ တီကို နှိုးဆော် ထားတဲ့ စာဖြစ်တဲ့အတွက် ဒီစာပေါ်မှာ ကျနော်တို့က အကြောင်းပြန်ဖို့ မလိုအပ်ဘူး။ သို့ သော် လည်းပဲ ဒီစာကိုတော့ ကျနော်တို့ ကြိုဆိုမှတ်တမ်းတင်ပြီးတော့ အသိအမှတ်ပြုတယ်။အဲသလောက်ပဲ ကျွန် တော်တို့ အသိအမှတ်ပြုထားပါတယ်” ဟုပြောသည်။

NLD ၏ ပေးပို့ သည့် စာအရ ထူးခြားသည့် ဖြစ်စဉ်တစ်ခု အဖြစ်ခံစားရသော်လည်း လက်တွေ့အပိုင်းတွင် လုပ် ဆောင်မှုတစ်စုံတစ်ရာ မတွေ့ရှိရသေးသည့်အတွက် စာပါအချက်အလက်များကို အကောင်အထည်ဖော်မည် မဖော်မည်ကို ယတိပြတ်ပြော၍ မရသေးကြောင်း နိုင်လယီတမက ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...