သျှမ်းပြည်မြို့တော်တောင်ကြီး ကိုဗစ်ကာကွယ်ကုသရေး လူအင်အား ပစ္စည်းအင်အားလိုအပ်နေ

သျှမ်းပြည်မြို့တော်တောင်ကြီး ကိုဗစ်ကာကွယ်ကုသရေး လူအင်အား ပစ္စည်းအင်အားလိုအပ်နေ

နန်းဆိုင်ဖူး - ဧပြီလကစပြီး သျှမ်းပြည်ထဲကို ကိုဗစ်-၁၉ ရောဂါပိုးစတင်ရောက်လာကတည်းကစပြီးကနေ့ချိန်အထိ် ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဲဒီအနက်သျှမ်းပြည်တောင်ပိုင်းက ၃၀၀ ကျော်နဲ့အများဆုံးကူးစက်ခံနေရပါတယ်။ အဲဒီ ၃၀၀ အနက်မှာ တောင်ကြီးမြို့က ၁၁၁ ဦးရှိနေပါတယ်။

သျှမ်း/တောင်ထဲကို ကိုဗစ်စဝင်လာတုန်းက သျှမ်းပြည်နယ်အစိုးရက ကိုဗစ်ကာကွယ်ရေးအတွက်ဘ တ်ဂျတ်သီးသန့်မရှိတဲ့အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ထဲကခွဲဝေသုံးစွဲရတယ်လို့ သျှမ်းသံတော်ဆင့်ကိုပြောပြဖူးပါတယ်။ ဒါမယ့်ခုချိန်အထိ ကိုဗစ်ရောဂါကူးစက်ခံရသူတွေကို ကျန်းမာရေး ဌာနက ဓါတ်ခွဲစစ်ဆေးပေးပြီးကုသပေးနေတာတွေ့ရသလို Quarantine Center တွေအတွက်ပါစီစဉ်ပေးနေတာကိုတွေ့ရပါတယ်။

ဒီရောဂါကာကွယ်ထိန်းချုပ်ကုသဖို့အတွက် အခက်အခဲတွေကြား တောင်ကြီးမြို့ ကျန်းမာရေးဌာနက ဘယ်လို စီမံခန့်ခွဲဆောင်ရွက်ပေးနေတာလဲ။ ဘယ်လိုအခက်အခဲတွေ အထူးကြုံတွေ့နေရပါသလဲ ။ သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဆိုင်ဖူးက တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – တောင်ကြီးမြို့နယ်မှာ ကိုဗစ် ကူးစက်သူက ဒီဇင်ဘာ (၉) ရက်ထိ စုစုပေါင်း ဘယ်လောက်ရှိပါသလဲရှင့်။

ဖြေ – အားလုံးပေါင်း (၁၁၁) ယောက်ပါ။ ၈ ရက်နေ့က အတည်ပြု လူနာမရှိတော့ ဒီနေ့ ဒီချိန်ထိတော့ (၁၁၁) လို့ ပြောလို့ရပါတယ်။ ပထမလိုင်းတုန်းကတော့ (၇) ယောက်ပေါ့နော်။ ဒုတိယလိုင်းမှာတော့ (၁၀၄) ယောက်ပါ။ ဆေးရုံဆင်းတဲ့သူက စုစုပေါင်း (၈၀) ပေါ့နော်။ သေဆုံးတာက (၁) ယောက် ပြီးတော့ ကုသဆဲက (၃၀)ယောက်ပါ။ အဲ့ဒါတွေကတော့ ဒီနေ့ရဲ့ Update ပေါ့နော်။

မေး – တောင်ကြီးမြို့မှာ Quarantine Center ဘယ်နှစ်ခု ဖွင့်ထားပါသလဲရှင့်။

ဖြေ – မြို့ပေါ်မှာ (၁၃) နေရာလို့ပြောတာပေါ့နော်။ Quarantine ဝင်တဲ့သူက စုစုပေါင်း (၅၂၈)ယောက် ဒီနေ့ Swab ယူတာက RTP နဲ့က အမြန်စစ်ပေါ့နော် (၁၅၈) ယောက် ယူပါတယ်။ PCR နဲ့က (၂၈၅) ယောက်ယူပါတယ်။

မေး – တောင်ကြီးမြို့နယ်မှာ Quarantine ဝင်တဲ့သူ စုစုပေါင်း ဘယ်နှစ်ဦး ရှိပါသလဲရှင့်။

ဖြေ – တစ်မြို့နယ်လုံးမှာ Quarantine ဝင်တဲ့သူ အားလုံးပေါင်း (၁၀၁၇) ယောက်။ နိုင်ငံခြား ပြန်တွေလည်းပါတယ်။ ပြည်တွင်း ခရီးသည်တွေလည်း ပါတယ်။ ဆက်စပ်သူတွေလည်းပါတယ်။

မေး – ကိုဗစ်-၁၉ ပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ ဘယ်လို အခက်ခဲတွေ ရှိလာပါသလဲရှင့်။

ဖြေ – ပထမလှိုင်းကတော့ အေးအေးဆေးဆေး ပဲပေါ့နော်။ ပထမလှိုင်း စပြီးတော့ (၉ ) လပိုင်းအထိ အတည်ပြု လူနာ (၇) ယောက်ပဲရှိတယ်ဆိုတော့ အေးဆေးတယ်ပေါ့။ ပြီးတော့မှ ကလောက ကားဆရာ စထွက်တဲ့ချိန်စပြီးတော့မှ ဒီနေ့ထိ (၁၁၁) ယောက်ရှိသွားပြီဆိုတော့ (၁၁) လပိုင်းကနေစပြီး ခုထိဆို တော်တော်လေးများသွားတာပေါ့နော်။ အဲ့လို များသွားတဲ့ ခါကျတော့ ဆက်စပ်သူတွေလည်း များသွားတာပေါ့။ ထိတွေ့မှုတွေ များတယ်ပေါ့နော်။ ဒုတိယလှိုင်းက (၁၀၄) ရှိသွားတာပေါ့နော်။ သူနဲ့ ဆက်စပ်တဲ့သူတွေက သူ့မိသားစုတွေရှိမယ်။ အလုပ်သမားတွေရှိမယ်။ လုပ်ဖော်ကိုင်ဖက်တွေရှိမယ။် ယာဉ်မောင်းဆိုရင်လည်း ယာဉ်နောက်လိုက်တွေရှိမယ်။ အဲ့လို ဆက်စပ်သူများတဲ့ခါကတော့ ခုလိုမျိုး အချိန်ဆိုလို့ရှိရင် ဆက်စပ်သူများ (၉၀၀) လောက်ရှိတာပေါ့။ အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ ကျနော်တို့ Quarantine ထဲ ထားဖို့လည်း ခက်ခဲတာပေါ့နော်။ Quarantine Center တွေ စောင့်ရှောက်ဖို့ ကျနော်တို့ရဲ့ ဝန်ထမ်းတွေကို တာဝန်ချပေးတဲ့နေရာမှာ လုံလောက်မှု မရှိနိုင်ဘူးပေါ့နော်။ အဲ့လိုအနေအထားတွေရှိတယ်ပေါ့နော်။

မေး – ဘတ်ဂျတ်သုံးစွဲတဲ့ပိုင်းမှာ ဘယ်လို ရှိပါသလဲရှင့်။

ဖြေ – ဘတ်ဂျတ်ပိုင်းကတော့ အလှူရှင်တွေကိုပဲ အားကိုးနေရတာပေါ့နော်။ ကျနော်တို့ ဝန်ကြီးဌာနကတော့ လိုအပ်တဲ့ ပစ္စည်းတို့ ပြီးတော့မှ Mask တို့ အဲ့ဒါတွေတော့ ပေးတာပေါ့နော်။ ဒါမယ့် တစ်ချို့နေရာတွေလည်း လိုတာရှိတာပေါ့နော်။ ဒါမယ့် အပြည့်အဝ ထောက်ပံ့မှု မပေးနိုင်တဲ့ခါကျတော့ ကျနော်တို့ အလှူရှင်တွေ လှူထားတဲ့နဲ့ စီမံခန့်ခွဲနေရတာပေါ့နော်။ဝယ်ယူပြီး ဖြည့်ဆည်းနေရတာပေါ့နော်။ အဲ့တော့ ခုန ပြောတဲ့အတိုင်းဆိုလို့ရှိရင် ကျနော်တို့က အဲ့ဒီ Quarantine Center ထဲမှာရှိတဲ့ သူတွေကို Swab ယူပေးဖို့ အဲ့ဒါကလည်း ကျနော်တို့ ဝန်ထမ်းအင်အားနဲ့ မလောက်ဘူးပေါ့နော်။ မလောက်နိုင်ဘူးဆိုတဲ့ ဥစ္စာက နောက်တစ်ခုက Swab ယူတဲ့ စနစ်ပေါ့ ညွှန်ကြားချက်ကလည်း Quarantine (၁၄) ရက် ထားတဲ့အချိန်မှာ ၃ ရက်မြောက်နေ့မှာ တစ်ခါယူရမယ်။ ပြီးလို့ရှိရင် (၁၁) ရက်မြောက်နေ့မှာ တစ်ခါယူရမယ်။ ၂ ကြိမ်ယူရမယ်။ ၂ ကြိမ်ယူရမှာ ဖြစ်တဲ့အတွက်ကြောင့် ပထမတုနး်ကတော့ (၁) ကြိမ်ယူရင် ရပြီပေါ့။ အဲ့လိုအနေအထားနဲ့ (၂) ကြိမ်ယူရတော့ ကျနော်တို့က Quarantine မှာ ထားတိုင်းထားတိုင်း Swab ကို ယူရမယ်ဆိုတော့ ၂ ဆဖြစ်နေတာပေ့ါနော်။ အလုပ်က (၂) ဆဖြစ်သွားတာပေါ့။ အရင်တုန်းက တစ်ကြိမ်ပဲယူရင် တစ်ခေါက်ပဲပေါ့။ တစ်ခေါက်ပဲ လူအင်အား ပစ္စည်းအင်အားတွေ သုံးရမှာပေါ့။ ဒါမယ့် ခုချိန်ကျတော့ (၂) ကြိမ်ယူဖို့ ဖြစ်လာတော့ တစ်ကြိမ်ကတော့ (RPT) ပေါ့ အမြန်စစ်တဲ့ ဥစ္စာနဲ့ စစ်ရမယ်။ နောက်တစ်ကြိမ်ကျတော့ (PCR) ပေါ့နော် စစ်ကြီးနဲ့ စစ်တဲ့ဟာ စဝ်စံထွန်းကို ပို့စစ်ရတယ်။ အဲ့လို Guide Line ဖြစ်သွားတဲ့ခါကျတော့ ၂ ကြိမ်ယူရတဲ့အနေအထားမှာ ဝန်ထမ်းတွေ အလုပ်လုပ်ရတဲ့ ဥစ္စာလည်း ၂ ဆဖြစ်သွားတာပေါ့နော်။ ပစ္စည်းအင်အားလည်း (၂) ဆ သုံးရသလို ဖြစ်သွားတာပေါ့။

မေး – ပစ္စည်းတွေ ၂ ဆ သုံးရတော့ ဘယ်လိုစီမံခန့်ခွဲရပါသလဲရှင့်။

ဖြေ – လောက်အောင်တော့ စီမံနေတာပေါ့နော်။ အလှူရှင်တွေရဲ့အားနဲ့ စီမံနေရတာပေါ့နော်။ ရှေ့လျှောက်ဆိုရင် ပိုပြီးတော့ လိုလာမယ့်အနေအထားလည်းဖြစ်တယ်။ ဘယ်လောက်ထွက်လာမလဲ မသိဘူး။ ဒုတိယလှိုင်း နဲ့ ပထမလှိုင်း က အဲ့လို ကွာသွားတယ်ပေါ့နော်။ လူဦးရေ အရဆိုရင်လည်း (၇) ယောက်ကနေ (၁၀၀) ကျော်ဖြစ်သွားတယ်။ အဲ့အတွက်ကြောင့်မလို့ ဆက်စပ်သူတွေကလည်း အများကြီးဖြစ်သွားတယ်။ အဲ့ ဆက်စပ်သူတွေကို Swab ယူဖို့ ဘာတွေ လုပ်တဲ့နေရာမှာလည်း လူဦးရေလည်း များသွားတဲ့အတွက် Swab ယူတဲ့နေရာမှာလည်း (၂) ကြိမ်ဖြစ်သွားတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ လူအင်အား ပစ္စည်းအင်အားတွေက အများကြီး လိုလာတယ်။ အလှူရှင် ရဲ့ ပံ့ပိုးမှုကော ပြည်နယ် ကျန်းမာရေးကော ဝန်ကြီးဌာန အနေကော ဒီအကြောင်းတွေကို သိတယ်ပေါ့နော်။ သိတဲ့ခါကျတော့ တတ်နိုင်သလောက် ထောက်ပ့ံတယ်။ ထောက်ပံ့တဲ့အတွက်ကြောင့် ခုချိန်ထိလည်း ဆိုးဆိုးဝါးဝါးကြီး လိုအပ်ချက်တွေ ရှိတာတော့ မရှိဘူး။ သို့သော်လည်းပဲ တကယ်လို့ ပိုများလာမယ်ဆိုလို့ရှိရင်တော့ စိုးရိမ်ရတဲ့အခြေနေပေ့ါနော်။ အနီရောင်အဆင့်တော့ မရောက်သေးဘူး။ ဒါမယ့် ကျနော်တို့က သူတို့ရဲ့ အခြေနေအရဆိုရင်တော့ အဝါရောင်အဆင့်ထိတော့ ရောက်တယ်။

မေး – Quarantine Center တွေမှာ လူထပ်တိုးလာရင် ဘယ်လို အခက်ခဲတွေ ကြုံတွေ့လာနိုင်ပါသလဲရှင့်။

ဖြေ – Quaranrine မှာလူများလာရင် ဒါမှမဟုတ် Quarantine Center တွေလည်း ထပ်တိုးအုံးမယ် ပြီးလို့ရှိရင် ကျနော်တို့ရဲ့ လူတွေ Quarantine ထဲဝင်တဲ့သူ ပိုများလာမှာပေါ့နော်။ Positive တွေ များလာလေလေ အခက်ခဲတွေက များလာမှာပေါ့။ Positive က (၁၀၀) လောက် တစ်ကယ်လို့များ နောက်ထပ် တစ်ရက်တည်း (၂၀) လောက်ထွက်မယ်ဆို ဒီ Quarantine Center တွေလည်း ချဲလို့ လောက်တော့မှာ မဟုတ်ဘူး။ ပြီးတော့ Quarantine Center တွေ ဘယ်လောက် ချဲ့ချဲ့ ဆက်စပ်သူတွေ က Quarantine Center တွေက ပြည့်သွားမယ်။ ရန်ကုန်သို့ မန္တလေးတို့လိုပြည့်သွားမှာပေါ့။ အဲ့လိုမျိုးဆိုလို့ရှိရင် Positive တွေ များလာတဲ့နောက်ပိုင်းမှာ Second wave ရဲ့ တက်ရောက်မှုပေါ့နော်။ ထိခိုက်မှုက ပိုပြီးတော့ များသွားမှာပေါ့နော်။ ကျနော်တို့ကတော့ ခုလောလောဆယ်ထိက တတ်နိုင်သလောက်တော့ တောင့်နေတာပေါ့။ ပြည်သူ့လူထုဘက်က Positive မထွက်အောင် ကြိုးစားသင့်တာပေါ့နော်။ ပြည်သူ လူထုက Mask တွေတပ်ပြီး အပြင်ကို ထွက်ဖို့ Stay at Home လို့ ကြေညာထားတဲ့ ရပ်ကွက်တွေ သတ်မှတ်ထားတဲ့ နေရာတွေကနေ စည်းကမ်းတကျ အပြင်ကို ထွက်ဖို့ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေဖို့လည်း လိုတာပေါ့နော်။ လူစုလူဝေးတွေ မလုပ်ဖို့လည်း လိုတာပေါ့နော်။ ၆ ပေ ကွာလည်း နေဖို့လည်း လိုတယ်။ ကိုဗစ် စည်းကမ်းချက်ကို သေသေချာချာ လိုက်နာမှသာ ကျနော်တို့ တောင်ကြီးမြို့နယ်အနေနဲ့က ကူးစက်မှုကို မများအောင် လုပ်နိုင်မှာပေါ့နော်။ ဒီထက်မဆိုးအောင် လုပ်တော့မှပဲ ကျနော်တို့ အနေနဲ့ ထိန်းသိမ်းနိုင်မှာလည်းဖြစ်တယ်။ ဒီထက်ဆိုးသွားတဲ့အခြေနေရောက်တယ်ဆိုရင် ကျနော်တို့ ထိန်းသိမ်းနိုင်မှ ရှိချင်မှ ရှိတော့မယ်။



မေး – Swab တွေကို တစ်ပတ်မှာ ဘယ်နှစ်ကြိမ် ယူရပါသလဲရှင့်။

ဖြေ – ဝန်ထမ်းတွေ Swab ယူရတာက တစ်ပတ်ကို (၃) ကြိမ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ဒီနေ့ လိုမျိုးဆိုရင်လည်း (၁၃) နေရာ ယူရတာပေါ့နော်။ ဒီနေ့ဆို ပြောရမယ်ဆိုရင် ရုံးပိတ်တဲ့ရက်ပေါ့နော်။ ရုံးပိတ်ရက်တွေ ဘာတွေလည်း ကျနော်တို့ မသိရတော့ဘူးပေါ့နော်။ မထားနိုင်ဘူး။ Swab ယူဖို့က အရေးကြီးတယ်။ Swab မယူဘူးဆိုရင် တစ်ရက်နောက်ကျလို့ရှိရင် Quarantine Center ထဲမှာ နေရတဲ့သူ တစ်ရက် ပိုကြာသွားလိုက်မယ်။ ပိုကြာသွားတာနဲ့အမျှ နောက်ဆက်တွဲ ထိခိုက်မှုတွေက ပိုများသွားမှာပေါ့။

မေး – တောင်ကြီးမြို့မှာ ဒေသတွင်း ကူးစက်မှုက ရာခိုင်နှုန်း ဘယ်လောက်ရှိထားပါသလဲရှင့်။

ဖြေ – ဒေသတွင်း ကူးစက်မှုက မင်္ဂလာဦး ဆိုလို့ရှိရင် ခုရှိတဲ့သူရဲ့ (၃၉) ရာခိုင်နှုန်းထက် (၄၁) ရာခိုင်နှုန်းက ကူးစက်မှု ခံနေရတာပေါ့နော်။ ဒီဇင်ဘာ (၅) ရက်နေ့ထိ စာရင်းအရ (၁၀၈) ယောက်အရဆိုရင် မင်္ဂလာဦးမှာ ကူးစက်မှုက (၄၁) ရာခိုင်နှုန်း အယောက် (၃၀) လောက်က မင်္ဂလာဦးက ဖြစ်နေတယ်။ အေးသာယာမှာ (၃၉) ရာခိုင်နှုန်းပေါ့၊ ကျောင်းကြီးစုက (၁၂) ရာခိုင်နှုန်းပေါ့။ ဘုရားဖြူက (၈) ရာခိုင်နှုန်း ၊ တခြားရပ်ကွက်တွေကလည်း ရှိတယ်ပေါ့နော်။ အများစုကတော့ မင်္ဂလာဦး ဖြစ်တဲ့အတွက်ကြောင့်မလို့ မင်္ဂလာဦးကို ကျနော်တို့က Positive ဖြစ်တဲ့နေရာကကို ခြံုမိအောင်လို့ လောလောဆယ်မှာ Stay At Home သတ်မှတ်ထားတာပေါ့နော်။

မေး – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ – Mask ကို လူတိုင်းတပ်ပါ။ စနစ်တကျ စွန့်ပစ်ပါ။ ကူးစက်မှု နည်းအောင်ဆိုလို့ရှိရင် လက်ကို စနစ်တကျဆေးပါ။ ၆ ပေအကွာမှာ နေပါ။ လူစုလူဝေး ကိုရှောင်ပါ။ အဲ့ဒါမှပဲ ဖြစ်ပွားမှုတွေ လျော့နိုင်မယ။် ဖြစ်ပွားမှုတွေ မလျော့ဘူးဆိုလို့ရှိရင် ကျနော်တို့ လုပ်နိုင်သမျှ လုပ်မယ်။ လုပ်နိုင်မယ့် အင်အားက နောက်ထပ်လူနာ အသစ်တွေ တစ်ရက်ကို (၂၀)လောက် ထပ်လာရင် ကျနော်တို့ လုပ်နိုင်ဖို့ မရှိနိုင်တော့ဘူးပေါ့။ ခုလိုမျိုး တစ်ရက်ကို (၅) ယောက်လောက် ထွက်တဲ့အနေအထားမျိုးမှာ ကျနော်တို့က မနည်းကို ကြိုးစားပြီး လုပ်ရတယ်။ (၅) ယောက်ကနေ (၁၀) ယောက် ထွက်လာမယ်။ (၁၀) ယောက်ကနေ အယောက် (၂၀) ထွက်လာမယ့် နေ့ကျရင်တော့ ခြေကုန်လက်ပမ်းကျပြီးတော့မှ ချို့ယွင်းချက်တွေ အများကြီး ဖြစ်သွားနိုင်တာပေါ့နော်။ အဲ့လိုမဖြစ်အောင် ပြည်သူတွေရဲ့ ပူးပေါင်းမှု ကလည်းအများကြီး လိုပါတယ်။

ဟုတ်ကဲ့ – စိတ်ရှည်လက်ရှည်နဲ့ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်ကနေကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Most read this week

July 3, 2024
သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က...
July 2, 2024
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက်...
July 2, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ...
July 1, 2024
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို...