မိုးညှင်းတွင် သတ်မှတ်ထားသည့်ရက်မတိုင်မီ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သူ ၉ဝ ရာခိုင်နှုန်းရှိ

မိုးညှင်းတွင် သတ်မှတ်ထားသည့်ရက်မတိုင်မီ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သူ ၉ဝ ရာခိုင်နှုန်းရှိ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် သတ်မှတ်ထားသည့်ရက်မတိုင်မီ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သူ ၉ဝ ရာခိုင်နှုန်းရှိကြောင်း မိုးညှင်းခရိုင်ရွေး ကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးကပြောသည်။

မိုးညှင်းခရိုင်တွင် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်ဟူ၍ သုံးခုရှိသည့်အနက် မိုးညှင်းမြို့နယ်မှ ကိုယ်စားလှယ်လောင်းအားလုံး ရွေးကောက်ပွဲကုန်ကျစရိတ်များတင်သွင်းပြီးဖြစ်ပြီး မိုးကောင်းနှင့် ဖားကန့်မြို့နယ်တို့တွင်သာ ကျန်ရှိနေသေးကြောင်း ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက ပြောသည်။

“မိုးညှင်းကတော့ မြို့ပေါ်က လူများတယ်ဆိုတော့ အကုန်အဆင်ပြေတယ်။ ကျန်တာကတော့ ဖားကန့်နှင့်မိုးကောင်းကပိုကျန်တာပေါ့။ ဖားကန့်ကလလည်း ရောဂါအခြေနေကြောင့် သွားရလာရတာခက်တယ်။ ဘယ်လိုပဲခက်ခက် သတ်မှတ်ထားတဲ့ရက်မှာတော့ မဖြစ်မနေတင်ရမယ်ဆိုတာကတော့ ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ မဖြစ်မနေ တင်ရမယ့်တာဝန်ရှိပါတယ်” ဟု ၎င်းကပြောသည်။

မိုးညှင်းခရိုင်တွင် ရွေးကောက်ပွဲအသုံးစရိတ်တင်ကို ဒီဇင်ဘာ ၁၃ ရက် အပြီးတင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၇၆ ဦးရှိသည့်အနက် လက်ရှိချိန်ထိ တင်ပြီးသူ ၆၀ ခန့်ရှိကြောင်း သိရသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်းတော့ ပြီးစီးနိုင်မယ်လို့ထင်တယ်။ တစ်ချို့တွေက လာတင်တဲ့ချိန်မှာ သတ်မှတ်ထားတဲ့ ငွေပမာဏကျော်တာလည်း မရှိဘူး။ဒါပေမယ့် တစ်ချို့ဟာတွေမှာနည်းဥပဒေနဲ့မညီတဲ့အတွက် လွဲတဲ့ဟာမျိုးရှိမယ်။ ဥပမာ - ငွေစာရင်းခေါင်းစဉ်တွေ လွဲမှားနေတာမျိုးတွေ၊ ပြန်တည့်ပေးရတဲ့ဟာမျိုးတွေတော့ ရှိတယ်။ တစ်ချို့ကျတော့ ရုံးပိတ်ရက်တွေဆိုတော့ တရားရုံးမှာ ကျမ်းကျိန်တဲ့အခက်ခဲလေးတွေကြောင်း လာမတင်နိုင်သေးတာတွေရှိတယ်” ဟု ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးကပြောသည်။

မိုးညှင်းခရိုင်တွင် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်ဦးရေ ၈၄ ဦးရှိခဲ့ပြီး ရွေးကောက်ပွဲငွေစာရင်း မတင်ပြနိုင်သူမရှိခဲ့ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

“ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းတွေက မိမိနဲ့သက်ဆိုင်တဲ့ ခရိုင်တွေမှာ ဒီဇင်ဘာ ၁၃ ရက်အပြီးတင်ရမှာ။ဒီရက်ကိုကျော်လွန်ရင်တော့ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမယ်” ဟု ကချင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဦးထွန်းအောင်ခိုင်က ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၁ရ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...