ရခိုင်တွင် ဆက်စပ်ရွေးကောက်ပွဲကျင်းပရေး တစ်စုံတစ်ရာလုပ်ဆောင်မှုများမရှိသေး

ရခိုင်တွင် ဆက်စပ်ရွေးကောက်ပွဲကျင်းပရေး တစ်စုံတစ်ရာလုပ်ဆောင်မှုများမရှိသေး
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ် ကိုးခုတွင် ရွေးကောက်ပွဲကျင်းပရေးနှင့် ပတ်သတ်ပြီးလက်ရှိ မြေပြင်အနေအထားတွင် တစ်စုံတစ်ရာလုပ်ဆောင်ခြင်းများ မတွေ့ရကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။

၂၀၂၀ ခုနှစ် မကုန်မီ ဒီဇင်ဘာလအတွင်းတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ လုပ်ဆောင်မှုကိုမတွေ့ရကြောင်း ယင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောသည်။

“ဒီဇင်ဘာလထဲမှာတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အရိပ်အယောင်က မတွေ့ရဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီလမှာ ကျင်းပမယ်ဆိုရင် အခုကနေ မဲဆန္ဒရှင်စာရင်းတွေ ကြေညာတာကို လုပ်ဆောင် ရမှာဖြစ်တယ်။ဒီအချိန်လုပ်မှ ဒီဇင်ဘာလအတွင်းမှာ လုပ်နိုင်မှာဖြစ်တယ်။ဒါပေမယ့် အခုချိန်ထိ အဲလိုမျိုးတော့ မတွေ့ရသေးဘူး” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များကို ယခုနှစ်ဒီဇင်ဘာမကုန်မီ ရွေးကောက်ပွဲကျင်းပပေးရန် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အစိုးရနှင့်တပ်မတော်တို့ကို တိုက်တွန်းထားသည်။

ရွေးကောက်ပွဲကျင်းပနေသည့်ကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ သိသိသာသာလျော့ကျသွားခဲ့ပြီး တပ်မတော်နှင့် AA မှ နှစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့်လည်း ဆက်စပ်ရွေးကောက်ပွဲကျင်းပရေးအပါအဝင် တိုက်ပွဲများရပ်တန့်ရေး ကိစ္စရပ်များအတွက် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြီးခဲ့သည့်လနောက်ဆုံးအပတ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် AA အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ လုပ်ဆောင်နေသည့်အချိန်တွင် အစိုးရ နှင့် UEC တို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သတ်ပြီး လုပ်ဆောင်မှုအားနည်းနေသည့်အပေါ်တွင် ဝေဖန်မှုများရှိနေသည်။

“ကျနော်တို့မြင်တာတော့ ဒါက မရိုးမသားမှုပဲ။ ဒီရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တာက လုံခြုံရေးလို့ပြောတယ်။ လုံခြံုရေးဆိုတာလည်း (AA) နဲ့ တပ်မတော်က တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်လို့ အကြောင်းပြတယ်။ ဒါပေမယ့် အခုနှစ်ဖက်စလုံးက ရွေးကောက်ပွဲကျင်းပဖို့အတွက်ကို သဘောတူနေကြတယ်၊ အပစ်အခတ်တွေ ရပ်စဲထားတယ်ဆိုရင် လုံခြုံမှုအခြေအနေရှိတယ်ဆိုတဲ့ သဘောပေါ့။ သူတို့ (UEC) အကြောင်းပြချက်က အခု အဆင်ပြေနေပြီဆိုတော့ ကျင်းပမယ်ဆိုရင် ကျင်းပလို့ရတာပဲ” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲကျင်းပရန် AA ၏ တောင်းဆိုချက်အား မလိုက်လျော့ပေးနိုင်လျှင် တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

"တိုက်ပွဲတွေပြန်ပြီးဖြစ်လာနိုင်တယ်။ AA က သူတို့တောင်းဆိုချက်အပေါ်မှာ မလိုက်လျော့ဘူးဆိုရင် စစ်ပွဲတွေပြန်ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု ၎င်းကဆိုသည်။ 

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...