ကချင်တွင် ဆန္ဒမဲပေးသူ ၆၆ ရာခိုင်နှုန်းသာရှိပြီး မဲပေးမှု ၂၀၁၅ ထက်လျော့နည်းသွား

ကချင်တွင် ဆန္ဒမဲပေးသူ ၆၆ ရာခိုင်နှုန်းသာရှိပြီး မဲပေးမှု ၂၀၁၅ ထက်လျော့နည်းသွား
by -
ခေါင်ညွယ် (KNG)

ယခုနှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ တစ်ပြည်နယ်လုံး ဆန္ဒမဲပေးသူ ၆၆ ရာခိုင်နှုန်းခန့်ရှိပြီးမဲပေးမှု နှစ်ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

“ပြောရမယ်ဆိုရင် ၂၀၁၅ တုန်းကထက်မဲပေးမှု ရာခိုင်နှုန်းလျော့သွားတယ်လို့ ပြောလို့ရတယ်။ ၂၀၁၅ တုန်းကတော့ ကချင်ပြည်နယ်တစ်ပြည်လုံး မဲဆန္ဒရှင်ဦးရေ ရှစ်သိန်းကျော်ရှိခဲ့တယ်။ အဲဒီမှာ မဲလာပေးတဲ့သူရာခိုင်နှုန်းကတော့ ၆၈ နဲ့ ၆၉ ကြားမှာရှိတယ်” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၁၅၀၄၀၇ ဦးရှိသည့်အနက် ကြိုတင်မဲပေးသူ ၁၆၃၈၅၆ ဦးရှိပြီး မဲရုံတွင် လာရောက်မဲပေးသည့်သူ ၅၆၆၅၁၀ ရှိကာ စုစုပေါင်း ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်ဦးရေ ၇၆၀၃၆၆ ရှိကြောင်းနှင့် ရာခိုင်နှှုန်းအားဖြင့် ၆၆.၁၀ သာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဒီဇင် ဘာ ၁ ရက် ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ပယ်မဲ ၂၃၅၂၀ မဲရှိပြီး၊ ပျောက်မဲ ၂၂၉ မဲ ရှိကာ စုစုပေါင်း ပယ်မဲ၊ ပျောက်မဲအရေအတွက် ၂၃၇၄၉ မဲရှိကြောင်း သိရသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မပေးမှုရာခိုင်နှုန်းအားဖြင့် ကြည့်မည်ဆိုပါက ကချင်ပြည်နယ်သည် မဲပေးမှုရာခိုင်နှုန်းအဆင့် ၁ဝ နေရာတွင်ရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ မြစ်ကြီးနားခရိုင် သုံးသိန်းခြောက်သောင်းခန့်ရှိကာ၊ ဗန်းမော်ခရိုင်တွင် နှစ်သိန်းခွဲ၊ မိုးညှင်းခရိုင်တွင် လေးသိန်းနှစ်သောင်းဝန်းကျင်၊ ပူတာအိုခရိုင်တွင် ခြောက်သောင်းကျော်ခန့်ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ပထမအကြိမ်မဲစာရင်း ကြေညာချိန်တွင် ၁ဝ သိန်းကျော်ရခဲ့သော်လည်း ဒုတိယအကြိမ်မဲ စာရင်းပြန်ကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁၅၀၄၀၇ ဦးဖြစ်သွားခဲ့သဖြင့် မဲပေးခွင့်ရှိသူ ရှစ်သောင်းခန့်ထပ်တိုးသွားခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...