တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင် ၃၇သန်းကျော်ဆိုသည်မှာ အတည်မပြုသေးသော အခြေခံမဲဆန္ဒရှင်စာရင်းသာဖြစ်ကြောင်း ဖြေရှင်းမှုအပေါ် ပါတီတချို့နှင့် ရွေးကောက်ပွဲလေ့လားစောင့်ကြည့်သူများက ဝေဖန်လျက်ရှိသည်။
တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင် ၃၇ သန်းကျော်သည် ရွေးကောက်ပွဲမကျင်းပမည့် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များကို နုတ်ပယ်ထားသည့် အတည်မပြုသေးသော အခြေခံမဲဆန္ဒရှင်စာရင်းသာဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပြန်လည်ရှင်းလင်းဖော်ပြခဲ့သည်။
နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် မဲဆန္ဒရှင်စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်း၌ ၃၈၂၇၁၄၄၇ ဦး ဖြစ်နေကာ ၁၀၀၂၅၇၁ ဦး ပိုလာခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းနှစ်မျိုး ဖြစ်ပေါ်နေသည့်အပေါ် မဲဆန္ဒရှင်စာရင်း ၃၈၂၇၁၄၄၇ ဦးသာအမှန်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ကွာဟရခြင်းအပေါ် ရွေးကောက်ပွဲပြီးစ နှစ်ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်သောအရေအတွက်မှာ အောက်တိုဘာက ဒုတိယအကြိမ်ကပ်ထားကြေညာသည့် ရွေးကောက်ပွဲမကျင်းပမည့် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များကို နုတ်ပယ်ထားသည့် အတည်မပြုသေးသော အခြေခံမဲဆန္ဒရှင်စာရင်းဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာပြီးနောက် မဲဆန္ဒရှင်များ၏ တင်ပြလျှောက်ထားချက်များအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြင်ဆင် ဖြည့်စွက် ဆောင်ရွက်ခဲ့ပြီး ကိန်းဂဏန်းအမှန်မှာ ၃၈၂၇၁၄၄၇ ဦးသည်အမှန်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာက ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မဲစာရင်းကွာဟမှုအား အမှန်ပြန်လည်ဖော်ပြမည်ဆိုပါကအချက်အလက်အတိအကျနှင့် ဖော်ပြရန်လို အပ်ပြီး ယခုဖြေရှင်းချက်သည် လုံးချသည့်သဘောဖြစ်နေကြောင်း ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့ အစည်းဖြစ်သည့် Myanmar Election Odservation Network မှ Project Coordinator ဦးဇင်အောင် ကျော်ထင်က ဝေဖန်ပြောကြားသည်။
“ပေးတဲ့စာရင်းက update ဖြစ်ပါပြီလို့ပြောပြီးတော့မှ မှားနေပါတယ်ဆိုတယ်။ ပြန်ပြင်တဲ့ဟာမျိုးကတော့ ဘယ်တိုင်းနဲ့ပြည်နယ်က ပြင်တယ်ဆိုတာ ဖော်ပြဖို့လိုတယ်။ မဖော်ပြဘဲနဲ့ အဲဒီလိုမျိုး လုံးချလိုက်တာမျိုးက မဖြစ်သင့်ဘူး။ ဘယ်မြို့နယ်မှာ ဘယ်လိုမျိုး စာရင်းကကွာသွားတဲ့အတွက်ကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာတော့ ဖော်ပြသင့်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တုံးတိကြီး ဒီလိုမျိုးဖော်ပြခြင်းသည် တစ်သန်း၊ ဆယ်သိန်းဆိုတာ နည်းနည်းနောနောမဲမှမဟုတ်ပဲ။ ကွာဟချက်က နည်းနည်းနောနော ဟတဲ့အချက်မဟုတ်ဘူး။ ဒါကို ဘယ်မြို့နယ်မှာ ဘယ်လိုဖြစ်လို့၊ မဲစာရင်းပေါင်းတာ ဘယ်မြို့နယ်ကျန်ခဲ့လို့၊ သတင်းပို့တာ ဘယ်ကျခဲ့လို့ဆိုတာ တာဝန်ယူမှု/တာဝန်ခံမှုအပိုင်းက ဘယ်မှာရှိရမလဲဆိုတော့ တိုင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိတွေမှာရော ကော်မရှင်ဥက္ကဋ္ဌတွေမှာရော တာဝန်ရှိတယ်။ ပြည်ထောင်စုက တောင်းတိုင်း ပေးစရာမလိုဘူး။ အားလုံး ပတ်ကားဖြစ်ပြီဆိုမှ၊ သေချာမှပေးရမှာ။ မသေချာဘဲနဲ့ ပေါင်းပြီးတော့မှ ၃၇ သန်းကနေ ၃၈ သန်း ဖြစ်သွားတဲ့ကိစ္စရပ်က လုံးဝ မဖြစ်သင့်ဘူး။ မည်သူ့တွင်တာဝန်ရှိသနည်းဆိုတာ အရေးယူဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။ အရေးယူမဆောင်ရွက်ဘဲနဲ့ ချောလဲရောထိုင်ကိစ္စမျိုးကတော့ လက်ခံလို့မရဘူး” ဟု ဦးဇင်အောင်ကျော်ထင်က ပြောသည်။
ယင်းသို့ မဲစာရင်း နှစ်မျိုးဖြစ်နေခြင်းသည် ရှက်ဖို့ကောင်းပြီး ၎င်းကိစ္စသည့် UECတွင်သာ တာဝန်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းရေး မှူးအဖွဲ့ဝင် နိုင်စိုးမြင့်က ဝေဖန်ခဲ့သည်။
၎င်းက “အဓိကကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ပေါ့၊ UEC ရဲ့အပေါ်မှာပဲ အဓိကတာဝန်ရှိတယ်။ အဆင့်ဆင့်ပေါ့လေ၊ တိုင်းနဲ့ ပြည်နယ်မှာလည်း ရှိတယ်။ ဒီအပေါ်မှာ မဖြစ်သင့်တဲ့အပေါ်မှာ ဒီလိုဖြစ်တာတော့ တကယ်ရှက်ဖို့လည်းကောင်းတယ်။ နိုင်ငံတကာမှာလည်း ဂုဏ်ယူစရာမဟုတ်ပါဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ UEC မှာ တာဝန်ရှိတယ်လို့မြင်ပါတယ်" ဟု ဆိုသည်။
Published
Friday, December 04, 2020
မဲဆန္ဒရှင် ၃၇ သန်းကျော်က အတည်မပြုသေးသော အခြေခံမဲဆန္ဒရှင်စာရင်းသာဖြစ်ဆိုသည့်ဖြေရှင်းချက် ဝေဖန်ခံရ