ရွေးကောက်ပွဲ သုံးကြိမ်ဆက်အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်နှင့် အင်တာဗျူး
ကချင်ပြည်နယ်လွှတ်တော်အမတ် ဦးချန်တန်ခင်သည်၂၀၁ဝ ခုနှစ်မှ ၂၀၂ဝ ပြည့်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည် အထွေထွေရွေးကောက်ပွဲသုံးကြိမ်တွင် သုံးကြိမ်စလုံး အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ၎င်း၏ လွှတ်တော်အတွင်းအတွေ့အကြုံများ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုနှစ်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သည့် NLD အနေဖြင့် ပြန်လည်ဖွဲ့စည်းမည့် အစိုးရလက်ထက်တွင် လွှတ်တော်များအတွင်း ဖြစ်ပေါ်လာနိုင်သည့် အခင်းအကျင်းများနှင့်ပတ်သက်၍ ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ၂၀၁၀ ကနေ အခုနှစ် ၂၀၂၀ ရွေးကောက်ပွဲအထိ သုံးကြိမ်ဆက် အနိုင်ရခဲ့တယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့သိချင်တာက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကိုယ်စားလှယ် သက်တမ်းတစ်လျှောက်မှာ ကိုယ့်မဲဆန္ဒနယ်အတွက် ဘာတွေ လုပ်ဆောင်ပေးခဲ့နိုင်ခဲ့လဲသိချင်ပါတယ်။
ဖြေ - တစ်ခုချင်းပြောရင်တော့ အများကြီးပေါ့လေ။ အဓိကတော့ အားလုံးသိတဲ့အတိုင်း ကျွန်တော့ မဲဆန္ဒနယ်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိက ဦးစားပေးတာပေါ့။ ဒီလိုဦးစားပေးတော့ မြို့နယ်ချင်းဆက်လမ်းတွေ၊ ကျေးရွာချင်းဆက်လမ်းတွေ အဓိကဦးစားပေးပြီး အတားအဆီးဖြစ်တဲ့ မြစ်ကူးတံတား၊ ချောင်းကူးတံတားတွေကို ပထမလုပ်တယ်။ ဒုတိယကတော့ စာသင်ကျောင်းတွေ၊ ကျန်းမာရေး အဆောက်အအုံတွေကို အဆင့်လိုက်လုပ်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ်စဖြစ်တဲ့ ၂၀၁ဝကနေ ကျွန်တော်တို့က ပြည်ထောင်စုဘတ်ဂျက်နဲ့ လုပ်ရမယ့် ဥစ္စာ၊ ပြည်နယ်ဘတ်ဂျက်နဲ့ လုပ်ရမယ့်ဥစ္စာ အဲ့ဒီလိုနှစ်စဉ် စီမံကိန်းချပြီးတော့မှ နှစ်တိုင်းဘတ်ဂျက်ထဲ ပါနိုင်အောင် လုပ်တာပေါ့လေ။ အဓိကအပြောင်းအလဲကတော့ ယခင်လမ်းမရှိတဲ့ နေရာတွေ လမ်းရှိလာတာပေါ့။ တံတားမရှိတဲ့နေရာတွေ တံတားရှိလာတယ်။ နွားတင်းကုပ်သာသာပဲရှိတဲ့ ကျောင်းဆောင်တွေကတော့ မိုးလုံလေလုံတွေ ဖြစ်လာတာပေါ့။ ဆက်ပြီး လုပ်စရာတွေ အများကြီးရှိပါတယ်။ ဥပမာ ရေအားလျှပ်စစ်တို့လို စီမံကိန်းကြီးတွေပေါ့လေ။ ဒါတွေကတော့ ကျွန်တော်တို့ တတိယသက်တမ်းမှာ ဆက်ပြီးဆောင်ရွက်ရမယ့် လုပ်ငန်းတွေပေါ့။
မေး - လွှတ်တော်မှာ ဘယ်လိုအဆိုမျိုးတွေတင်သွင်းခဲ့လဲ။
ဖြေ - အဆိုမေးခွန်းတင်တာကတော့ ထူးထူးဆန်းဆန်း လုပ်ငန်းတော့မဟုတ်ပါဘူး။ ပုံမှန်လုပ်ငန်းတစ်ခုပါပဲ၊ မေးခွန်းတင်တာကတော့ ပထမသက်တမ်းကတည်းက ဒေသလိုအပ်ချက်တွေပေါ်လိုက်ပြီးတင်တယ်။ တင်ပြီး မေးခွန်းမေးတယ်။ အဲ့တာကိုလည်း ရွေးကောက်ပွဲကာလမဟုတ်ဘဲ ပုံမှန်လုပ်တယ်။ ဆောင်ရွက်ချက်တွေကို တောက်လျှောက်လုပ်တာမျိုးတွေတော့ ရှိတာပေါ့။
မေး - လွှတ်တော်ကိုယ်စားလှယ် သက်တမ်းတစ်လျှောက် အားရကျေနပ်မှုအရှိဆုံး လုပ်ဆောင်ချက်တွေ ရှိခဲ့လား။ ရှိခဲ့ရင် ဘာများဖြစ်မလဲခင်ဗျာ။
ဖြေ - အားရကျေနပ်တယ်ဆိုတာက ကျွန်တော်က ဘတ်ဂျက်စီစစ်တဲ့ လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် သက်တမ်း နှစ်ခုပါဝင်ခဲ့တာပေါ့။ ဒီလိုပါဝင်ခဲ့တဲ့အတွက် ဘတ်ဂျက်ခွဲဝေတာနဲ့ ပတ်သက်ပြီး ကိုယ့်မဲဆန္ဒနယ်နဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတွေ သိပ်မရှိဘူးပေါ့။ တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တွေက ဘတ်ဂျက်ဆွေးနွေးတဲ့အချိန်တွေမှာ ခွင့်ယူတာတွေ အစည်းအဝေးမတက်ဖြစ်တာတွေ ရှိတယ်ပေါ့။ အဲ့ဒီလိုဆိုရင် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေအတွက် နစ်နာမှုရှိတာပေါ့။ လွှတ်တော်တက်တိုင်း ဘတ်ဂျက်ရတာမဟုတ်ပေမယ့် ဒီဘတ်ဂျက်ကို စပြီးတော့မှ ဆွေးနွေး ချိန်ကနေ ခွဲဝေတဲ့အထိ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နေနဲ့ အစိုးရနဲ့ ပတ်သက်ဆွေးနွေးတဲ့ လုပ်ငန်းစဉ် တိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်ရင်တော့ ပိုအကျိုးရှိတာပေါ့။
မေး - ၂၀၁၀ ရွေးကောက်ပွဲကစလို့ ပထမအကြိမ် ကချင်ပြည်နယ်လွှတ်တော်ကနေစလို့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တယ်။ အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းပေါ့။ ဒီလို လွှတ်တော်သက်တမ်းနှစ်ခုမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေရှိလား။ သုံးသပ်ပေးစေချင်ပါတယ်။
ဖြေ - ကျွန်တော်တို့ ကချင်ပြည်နယ်လွှတ်တော်ကတော့ အများကြီးပြောင်းလဲတယ်ဆိုတာကတော့ မရှိပါဘူး။ ဒါပေမဲ့ ပထမသက်တမ်းမှာတော့ ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုရေးမှာကတော့ လွှတ်တော်ဥပဒေတွေ အများကြီးပြုနိုင်ခဲ့တဲ့ မှတ်တမ်းတော့ ရှိပြီ။ ဒုတိယသက်တမ်းကတော့ ပထမသက်တမ်းလောက်တောင် ဥပဒေတွေကို မပြုနိုင်ခဲ့ဘူး။ အပြောင်းအလဲကတော့ လွှတ်တော်မှာကတော့ ဥပဒေပြုတဲ့ လုပ်ငန်းနဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းတို့ လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းတို့ပဲ အဓိက ဆောင်ရွက်ရတော့ လွှတ်တော် နှစ်ဆက်လုံး သဘောသဘာဝကတော့ အတူတူပဲ ဖြစ်ပါတယ်။ သို့သော် အစိုးရဆောင်ရွက်ချက်အတိုင်း မဟုတ်ဘဲနဲ့ လွှတ်တော်ရဲ့ တာဝန်တွေအတိုင်း သီးခြားလွတ်လွတ်လပ်လပ်နဲ့ ရပ်တည်နိုင်တဲ့ လွှတ်တော်ဖြစ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ သက်တမ်းတွေကတော့ လွှတ်တော်တာဝန်တွေကို သီးခြားဆောင်ရွက်တဲ့ ပုံစံတွေကို သိပ်မတွေ့ရဘူးပေါ့လေ။ အဲ့ဒါ မျိုးမဖြစ်အောင် လွှတ်တော်က လွှတ်တော်အလုပ်လုပ်မယ်။ အစိုးရက အစိုးရအ လုပ်လုပ်မယ်။ တရားရေး မဏ္ဍိုင်ဆိုလည်း သူ့ဟာသူလုပ်ပြီး လိုအပ်တဲ့နေရာကျမှ စုကြမယ်။ ထိန်းကျောင်းကြ မယ်။ အဲ့ဒီလိုဆိုရင်ကောင်းတာပေါ့လေ။ သို့မဟုတ်ရင် အစိုးရနောက်မှာ လွှတ်တော်က တစ်ကောက်ကောက် လိုက်မယ်။ လွှတ်တော်နောက်မှာလည်း အစိုးရက တကောက်ကောက်လိုက်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ အပြန်အလှန်ထိန်းကျောင်းရေး လုပ်ငန်းစဉ်ကတော့ လုံးဝပျက်သွားတဲ့သဘောပဲ။
မေး - ပြီးခဲ့တဲ့ လွှတ်တော်နှစ်ခုမှာ အဓိကကွာခြားချက်အဖြစ် ဘာတွေတွေ့ရလဲ။
ဖြေ - လုပ်ငန်းသဘောသဘာဝအရတော့ အကုန်လုံးတူတာပေါ့လေ။ ပထမအကြိမ်မှာတော့ ပြည်ခိုင်ဖြိုးပါတီက ဝန်ကြီးချုပ်လုပ်တယ်။ လွှတ်တော်ဥက္ကဌလည်း လုပ်တယ်။ ဒုတိယသက်တမ်းမှာလည်း NLD က ဝန်ကြီးချုပ်လုပ်တယ်။ လွှတ်တော်ဥက္ကဌလုပ်တယ်။ တစ်ပါတီတည်းကပဲ လွှတ်တော်ရော၊ အစိုးရရောဦးဆောင်ခဲ့တဲ့ ဖြစ်စဉ်ရှိတာပေါ့နော်။ အဲ့ထဲမှာ ထူးခြားတာကတော့ ပထမအကြိမ်မှာ အစိုးရနဲ့ လွှတ်တော်ထဲမှာ သဘောထားကွဲလွဲတာတွေရှိလို့ အခြေခံဥပဒေခုံရုံးအထိ ရှင်းရတာတွေရှိတယ်။ သဘောမတူတဲ့ဥစ္စာတွေကို ဥပဒေကြောင်းအရ ဘယ်လိုဖြစ်သလဲဆိုတာတွေကို ဒီလိုပဲ အပြန်အလှန်ထိန်းကျောင်းမှုလုပ်တာပေါ့။ ဒုတိယသက်တမ်းမှာတော့ အဲ့ဒီလို အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန်ထိန်းကျောင်းတဲ့ ဖြစ်စဉ်မျိုးတော့မရှိဘူး။ အဲ့တာကတော့ လွှတ်တော်သက်တမ်းနှစ်ခုရဲ့ ကွာခြားချက်ပေါ့နော်။
မေး - အခုလာမယ့် ပြည်နယ်လွှတ်တော်မှာရော ဘယ်လိုအခင်းအကျင်းမျိုးဖြစ်လာမယ်လို့ ခန့်မှန်းမိလဲ။ သုံးသပ်ပေးစေချင်ပါတယ်။
ဖြေ - ကျွန်တော်တစ်ဦးတစ်ယောက်တည်း အမြင်အနေနဲ့ကတော့ အပြောင်းအလဲက အများကြီးရှိလာနိုင်စရာမရှိပါဘူး။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ အရွေးခံရတော့ လွှတ်တော်ထဲရောက်မယ်။ တာဝန်အတိုင်း ပြောမယ်၊ ဆိုမယ်။ ဥပဒေတွေ တင်မယ်။ ဘတ်ဂျက်တွေမှာ ဝေဖန်မယ်၊ ဆွေးနွေးမယ်။ အဓိက အပြောင်းအလဲကတော့ အစိုးရကလည်း သူလုပ်ချင်တဲ့အတိုင်း မဟုတ်ဘဲ ဥပေဒအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်အောင် လွှတ်တော်ကလည်း သူ့ဥပဒေပြုကိစ္စကိုပဲ အားစိုက်ပြီးမှ ဥပဒေပြု မဏ္ဍိုင်တွေမှာ အား ကောင်းအောင် သူ့အလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ရင်တော့ ပိုပြီးတော့ အားကောင်းနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ပြီးခဲ့တဲ့အချိန်တွေကို ပြန်သုံးသပ်ရင် တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အုပ်ချုပ်ရေးနောက် မှာပဲ တကောက်ကောက် လိုက်ပြီးတော့မှ ကိုယ့်မဲဆန္ဒနယ် အားကောင်းဖို့လောက်ပဲ ကြိုးစားတာတွေ ရှိတာကို။ တစ်ကယ်တော့ ကိုယ်စားလှယ် ဆိုတာကတော့ ကိုယ့်မဲဆန္ဒနယ်ပဲ မကဘဲ ဥပဒေပြုမယ့် ကိစ္စရပ်တွေ အပြန်အ လှန်ထိန်းကျောင်းမယ့် လုပ်ငန်းစဉ်တွေကို တာဝန်ကျေကျေလုပ်မယ်ဆိုရင်တော့ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပထမသက်တမ်းကတော့ အတွေ့အကြုံ မရှိခဲ့တဲ့အချိန်ကစ ဆောင်ရွက်ခဲ့တယ်။ ဒုတိယ သက်တမ်းကျတော့ အနည်းငယ်အတွေ့အကြုံရတယ်။ တတိယသက်တမ်းကျတော့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို သိပြီးတော့မှ လွှတ်တော်အားကောင်းအောင် ဆောင်ရွက်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မဲဆန္ဒနယ်ကနေ ရွေးချယ် တဲ့ ကိုယ်စားလှယ်တွေရဲ့ ပေါင်းစပ်မှုကတော့ ကချင်ပြည်နယ်အတွက် အားကောင်းမယ်လို့ ထင်တယ်။
မေး - ဟုတ်ကဲ့။ လာမယ့်လွှတ်တော်သက်တမ်းမှာ ကိုယ့်မဲဆန္ဒနယ်အတွက် ဘယ်အရာတွေ ဆက်လက်လုပ်ဆောင်သွားပေးဖို့ရှိလဲ။
ဖြေ - ကျွန်တော်ကတော့ ကချင်ပြည်နယ်မှာ လွှတ်တော်ရှိကတည်းက လွှတ်တော်တက်ပြီးတော့မှ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းတွေမှာ တောင်းဆိုပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွနတော်ဆက်ပြီးဆောင်ရွက် ရမယ့် လုပ်ငန်းကတော့ အဆင်သင့် ရှိပါတယ်။ ခုနက ပြောသလိုပဲ ယခင် သက်တမ်းနှစ်ခုမှာ မပြီးပြတ်သေးတဲ့ လုပ် ငန်းတွေကို ဆက်လုပ်မယ်။ လမ်းတံတားတွေကို အဆင့်မြင့်တင်တာတွေ လုပ်မယ်။ ပညာရေး၊ ကျန်းမရေးနဲ့ ပတ်သက်ပြီးတော့မှလည်း လိုအပ်ချက်အရ ဆောင်ရွက်ခဲ့တဲ့ အဆောက်အအုံတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက သတ်မှတ်တဲ့ အတိုင်းလုပ်မယ်။ အဓိကအရေးကြီးတာကတော့ တစ်နိုင်ငံလုံးကတော့ လျှပ်စ်စတွေ ရရှိနေပြီဖြစ်တဲ့အတွက် အဓိက ဒီသက်တမ်းမှာ နောက်မွန်းမြို့နယ် မဲဆန္ဒနယ်အပါအဝင် တောင်ပေါ်ဒေသတွေမှာ လျှပ်စစ်မီး ရရှိအောင် အကြီးမားဆုံး ဆောင်ရွက်ရမယ့် လုပ်ငန်းစင်အနေနဲ့ ဆောင်ရွက်သွားဖို့ ရှိတယ်။ ကျန်တဲ့ လုပ်ငန်းသေးသေးမွှားမွှားကတော့ မပြောတော့ဘူးပေါ့လေ။ အဓိက ကတော့လျှပ်စစ်မီးကတော့ ဘယ်ကပဲရရ ၂၄နာရီရအောင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဖြစ် ရည်မှန်းထားပါတယ်။
မေး - နောက်ဆုံးအနေနဲ့ ရွေကောက်ပွဲ သုံးကြိမ်ဆက်အနိုင်ရခဲ့တဲ့အပေါ် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကြိုးပမ်းခဲ့ရမှုတွေကို သိချင်ပါတယ်။
ဖြေ - ကျွန်တော်နိုင်တယ်ဆိုတာ ကျွန်တော်တော်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ၂၀၁၀ စပြိုင်ကတည်းက ဆုံးဖြတ်ချက်ချပြီး ပြိုင်တာပေါ့။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်။ တကယ်လို့ အရွေးချယ်ခံရလို့ ပြည်သူတွေက တာဝန်ပေးရင်တော့ ကိုယ့်ကိုယ်ကို မပိုင်တော့ဘူး။ ပြည်သူတွေအတွက် စွန့်လွှတ်တဲ့စိတ်တော့ ပထမရှိတာပေါ့။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ကလည်း ၂၀၁ဝမတိုင်ခင် ဝန်ကြီးဌာနတစ်ခုမှာ ပြန်တမ်းဝန်အရာရှိဖြစ်တယ်။ ရာထူးကို စွန့်လွှတ်တယ်။အရွေးချယ်ခံခဲ့တယ်။ တကယ်လို့ တာဝန်ပေးရင် ပြည်သူတွေရဲ့ လုပ်ငန်းကိုပဲ အချိန် ပြည့်နီးပါး တာဝန်ထမ်းဆောင်မယ် ဆိုတဲ့ စိတ်ဓာတ်ရှိတာပေါ့။ အဲ့လိုနဲ့ပဲ သက်တမ်းတစ်ခုပြီးတစ်ခု ဆောင်ရွက်တဲ့နေရာမှာ ရာနှုန်းပြည့် ကိုယ့်ကို ထောက်ခံတာတော့ မဟုတ်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပါတီစုံ စနစ်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်တိုက်ခိုက်တာတွေ၊ ပါတီကို တိုက်ခိုက်တာတွေ အားနည်းချက်အပေါ်မှာ အခွင့်ကောင်းယူပြီး တိုက်ခိုက်နေတာအများကြီးရှိတာပေါ့။ သို့သော်လည်းပဲ ဒီမိုကရေစီ စနစ်အရ အများပိုင်းက လက်ခံနိုင်အောင် လွှတ်တော်မှာ ကိုယ့်ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူတွေ စိတ်ချမ်းမြေ့အောင် လုပ်ဆောင်တယ်။ သူတို့ တင်ပြတာတွေကို တစ်ခုမှမချန်ဘဲ ပြန်တင်ပြပေးတယ်။ ဒါကတော့ လွှတ်တော်ပိုင်း ဆိုင်ရာပေါ့။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့က ဧည့်သည်တွေမဟုတ်ဘူး။ ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ နယ်မြေတွေမှာ မွေးပြီး အဲ့ဒီမှာပဲကြီးတာဖြစ်တဲ့အတွက် ယဉ်ကျေးမှုအရ ဘာသာရေးအရ ဘာသာစကားအရ တူတာဖြစ်တဲ့အတွက် သူတို့ ဘာတွေလိုချင်သလဲ၊ ဘာတွေခံစားနေရလဲ ဘာတွေတင်ပြဖို့ ရှိသလဲဆိုတာတွေကို ကျွန်တော်တို့ သိနေတာဖြစ်တယ်။ ဘာပဲပြောပြော ကျွန်တော်တို့ ရွေးကောက်ပွဲ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပါတီအာဏာရသည် ဖြစ်စေ မရသည်ဖြစ်စေ ပြည်သူတွေနဲ့ လက်တွဲရမယ့် ကိစ္စတွေကိုတော့ အမြဲတမ်းလက်တွဲ တာပေါ့။ အရေးအကြောင်းဆိုရင် သူတို့နဲ့ အတူရပ်တည်တာ ဖြစ်တဲ့အတွက် သူတို့နဲ့အတူ အမြဲတမ်းရပ်တည်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတူ ရွေးချယ်တယ်လို့ ယူဆပါတယ်။ နောက်ဆုံး ပြောရရင် တော့ ဒီတစ်ခေါက်ရွေးကောက်ပွဲက အများကြီး ပြင်းထန်တယ်။ ပြင်းထန်တယ်ဆိုတာ သာမာန်ရွေးကောက်ပွဲနဲ့ တောင်မတူဘူး။ အင်မတန်မှ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုလိုပဲ။ ကျွန်တော်တောင် အပြတ်အသတ်အနိုင်ရလို့။ ကျွန်တော်တို့ဆီမှာလည်း မသမာမှုတွေ အများကြီးတွေ့ရတာပေါ့လေ။ ဘာပဲပြောပြော ဒီမိုကရေစီစနစ် ဖြစ်တဲ့ အတွက် အများပိုင်းရဲ့ ရွေးချယ်မှုကိုတော့ ကျွန်တော်တို့ ကတော့ လက်ခံပြီးတော့မှ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကိုယ့်မဲဆန္ဒနယ်အတွင်း အငြင်းပွားမှုမဖြစ်အောင် ကြိုးစားပြီးတော့ အများကြိး ဆောင်ရွက်ခဲ့တာပေါ့လေ။