ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်ကြားထားသောအမှုပေါင်း ၃၀ ခန့်ရှိပြီး ရွေးကောက်ပွဲနှင့်မသက်ဆိုင်သောအမှုများပါဝင်နေ

ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်ကြားထားသောအမှုပေါင်း ၃၀ ခန့်ရှိပြီး ရွေးကောက်ပွဲနှင့်မသက်ဆိုင်သောအမှုများပါဝင်နေ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တွင် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်ကြားထားသောအမှုပေါင်း ၃၀ ခန့်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်ဝင်းကပြောသည်။

 

အဆိုပါအမှုများကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် နိုင်ငံရေးပါတီများနှင့် ပါတီဝင်များက ရွေးကောက်ပွဲဥဒေအရ အရေးယူဆောင်ရွက်ပေးရန် အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

 

“တက်လာတဲ့အမှုတွေထဲမှာ များသောအားဖြင့် မဲရုံတွေမှာရတဲ့မဲရလဒ်တွေကို ပုံစံ (၁၆) နဲ့ဖြည့်သွင်းရာမှာ မဲရုံမှူးတွေ အာနည်းသွားတာကို အထင်မှားပြီးတိုင်တာများတယ်။ မဲရုံမှူးတွေက မှတ်ချက်ဇယား အကွက်မှာ ခိုင်လုံမဲ၊ ပယ်မဲ၊ ပျောက်မဲတွေကို ဇယားမထားတတ်လို့မှားယွင်းဖြည့်ထားတဲ့အတွက် သက်ဆိုင်ရာမြို့နယ်က ပြင်ဆင်ပေးတာကို အထင်မှားပြီး တိုင်ကြားကြတာဖြစ်တယ်။ ဒါနဲ့ပါတ်သက်ပြီး အထက်ဌာနကိုတင်ပြထားသလို လက်အောက်ဌာနတွေကို စိစစ်နေဆဲဖြစ်ပါတယ်” ဟု ဦးဇော်မြင့်ဝင်းက ပြောသည်။

 

တိုင်ကြားထားတဲ့အမှုများတွင် ရွေးကောက်ပွဲနှင့် မသက်ဆိုင်သောအမှုတွဲများလည်း ပါရှိနေသဖြင့် စိစစ်နေဆဲဖြစ်ပြီး စိစစ်ပြီးပါက အရေးယူရမည့်အမှုများလည်းရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးက ဆက်လက်ပြောသည်။

 

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ပုံစံ (၁၆) ကိုဖြည့်သွင်းရာ၌ လွဲမှားနေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက ပြင်ဆင်ပေးခြင်းကို အထင်လွဲမှားပြီး နိုင်ငံရေးပါတီတစ်ခုက တိုင်ကြားထားသည့်အမှုတစ်မှုနှင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရဲစခန်းမှာ ရွေးကောက်ပွဲဥပဒေ ၅၇/၅၉ကဖြင့် အမှုဖွင့်အရေးယူဖို့ တိုင်ကြားလာတဲ့ အမှုနှစ်မှုတို့ကို စစ်ဆေးဆောင်ရွက်နေပြီး တိုင်ကြားထားသည့် နိုင်ငံရေးပါတီများကိုလည်း ဖြစ်စဉ်မှန်/မမှန်နှင့် သက်ဆိုင်ရာမဲရုံမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးများ၏ ဖြေရှင်းဆောင်ရွက်ထားမှုတို့ကို စိစစ်နေကြောင်း ဦးဇော်မြင့်ဝင်းကပြောသည်။

 

ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖွင့်ထားသောအမှုပေါင်း ၃၀ ရှိသည့်အနက် ရွေးကောက်ပွဲအကြိုကာလတွင် အမှုလေးမှု၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလတွင် နှစ်မှုနှင့် ရွေးကောက်ပွဲအလွန်ကာလတွင် အမှု ၁၁ မှုရှိပြီး စုစုပေါင်းအမှု ၁၇ မှုရှိကာ ကျန်အမှုများမှာ ရွေးကောက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...