ဖွံဖြိုးမှုနည်းပါးနေတဲ့ ဘောလခဲဒေသကို ဘာတွေလုပ်ပေးမလဲ

ဖွံဖြိုးမှုနည်းပါးနေတဲ့ ဘောလခဲဒေသကို ဘာတွေလုပ်ပေးမလဲ
by -
နော်ဒွေးအယ်ခူ (KT)

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးရွှေနှင့် အင်တာဗျူး

ကယားပြည်နယ် ဘောလခဲမြို့နယ်သည် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦများဖွံ့ဖြိုးရန် လိုအပ်နေခြင်းများ ကြုံတွေ့နေရသည့် ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းဒေသတွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားများအနေဖြင့် လာမည့် လွှတ်တော်သက်တမ်းအတွင်း ထိုအခက်အခဲများအပေါ် မည်သို့ဆောင်ရွက်သွားမလဲနှင့်ပတ်သက်၍ သိရှိစေရန် ပြည်ခိုင်ဖြိုးပါတီမှ ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒအမှတ် ၄ တွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးအေးရွှေအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။    ။ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့အပေါ် အရင်ဆုံးသုံးသပ်ပေးစေချင်ပါတယ်။ ပြည်သူကို ဘယ်လိုစည်းရုံးခဲ့ရလဲဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ အဲဒါက ကျွန်တော်က ရွေးကောက်ပွဲဝင်အရွေးမခံခင်ကတည်းက ဒီဒေသမှာကျွန်တော်က အပေါင်းအသင်းတွေလည်းများတယ်။ သူတို့ရဲ့လိုအပ်ချက်တွေလည်း ကျွန်တော့ဆီရောက်လာရင် လက်တွေ့မှာ ဆောင်ရွကပေးတာတွေ အများကြီးရှိတော့ ယုံကြည်မှုရှိတာလည်း တစ်ပိုင်းပါတယ်။ ကျွန်တော့်တို့ပါတီအနေနဲ့လည်း ဒေသခံတွေနဲ့ ထိတွေ့မှုအများကြီးရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပါတီအနေနဲ့ မြို့ရွာ၊ ကျေးရွာအားလုံးကိုလည်း ကွင်းဆင်းပြီးတော့ လိုအပ်တဲ့အရာတွေ လုပ်ဆောင်ပေးတာရှိတယ်။ အထူးသဖြင့် ရေနဲ့ပတ်သက်တဲ့ အခက်အခဲတွေဖြေရှင်းပေးတယ်။ လက်တွေ့ လုပ်ဆောင်ပေးခဲ့တယ်။ အဲဒီအတွက်ကြောင့် အခုလို အနိုင်ရရှိတယ်လို့ ယူဆပါတယ်။

မေး။    ။ လူထုနဲ့ထိတွေ့မှု အဆက်မပြတ်ရှိတယ်ဆိုတော့ ဒီဒေသမှာ အဓိကဘာတွေလိုအပ်နေလဲ။ ဒေသခံပြည်သူလူထုအတွက် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ဘာတွေဆောင်ရွက်ပေးသွားမလဲ။

ဖြေ။     ။ အခု ဒီဒေသမှာ ကျွန်တာ်တို့ လမ်းပန်းဆက်သွယ်ရေးကတော့ အားလုံးကို သွားလာလို့ရတယ်ဆိုပေမဲ့ လမ်းတွေကတော့ လိုအပ်နေပါသေးတယ်။ ကျောက်ချောလမ်းဖြစ်နေရင် ကတ္တရာနဲ့ဖြစ်လာဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်။

မေး။    ။ လမ်းနဲ့ပတ်သက်ပြီးပြောတော့ ဘယ်နေရာတွေကို အဓိကထားပြီး လုပ်ပေးသွားမလဲ။

ဖြေ။     ။ ကျွန်တော်က အမှတ် ၄ နယ်မြေဆိုတော့ ရွာသစ်ဖက်ခြမ်းပိုပြီးတော့ လုပ်ရမှာပေါ့နော။ သို့သော် နယ်မြေတစ်ခုတည်းမဟုတ်ဘဲနဲ့ အားလုံးခြုံပြီးလုပ်ပေးရပါမယ်။ ဒါပေမယ့် ရွာသစ်လမ်းကိုတော့ ဦးတည်ချက်ထားပြီးတော့မှ အခု လမ်းက ကျဉ်းတဲ့နေရာဆို ကျဉ်းသေးတယ်။ ဒါလည်း ချဲ့သင့်ရင်ချဲ့မယ်။ လမ်းကို အဆင့်မြှင့်ဖို့ လွှတ်တော်ထဲမှာ ပထမဆုံးမေးခွန်းမေးဖြစ်မယ်ထင်တယ်။

မေး။    ။ နောက်တစ်ခုက ဒီဒေသက လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရှာပါးတယ်။ ဒီအပေါ်ဘာတွေ ဆောင်ရွက်ပေးဖို့ရှိလဲ။

ဖြေ။     ။လူငယ်နဲ့ပတ်သက်တာကတော့ အထူးသဖြင့် ဒီမှာက ဆယ်တန်းအောင်တဲ့ကလေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အလုပ်ရရှိတဲ့အတိုင်းအတာတော့နည်းတယ်။ ဆိုတော့ ကျွန်တော်တို့ ဆယ်တန်းအောင်တဲ့ကလေးတွေကိုလည်း သင့်လျော်တဲ့ကဏ္ဍတွေမှာ အလုပ်ရှာဖွေပေးဖို့ မျှော်မှန်းထားပါတယ်။

မေး။    ။ သဘာဝသယံဇာတနဲ့ပတ်သက်ပြီး ဒေသခံတွေ အကျိုးခံစားခွင့်ရရှိအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားထားတာရှိလား။

ဖြေ။     ။ အခုလက်ရှိကတော့ သဘာဝသယံဇာတနဲ့ပတ်သက်ပြီး တရားဝင်ထုတ်တာရှိသလို တရားမဝင်တာလည်း အများကြီးရှိတယ်ပေါ့နော်။ ဒါတွေလည်း ကျတော်တို့လက်ထက်မှာ မြို့နယ်အလိုက်ပေါ့၊ မြို့၊ ရွာတွေအတွက် လိုအပ်တဲ့ စက်ရုံတွေကလွဲလို့ ကျန်တဲ့ဟာကို သစ်တောက အစပြုန်းတီးမှုမရှိအောင် စည်းကမ်းနဲ့ လုပ်သွားပေးဖို့၊ ဥပဒေပြုပြီးတော့ဖြစ်ဖြစ် လုပ်နိုင်အောင်ဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...