တပမ်တော်သားများအနေဖြင့် ပြင်ပတွင် မဲပေးရသည့် မြို့နယ် ၂၀၀ ကျော်ရှိပြီး ထိုမဲရုံများ၏ အခြေအနေများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ကျွန်တော်တို့ တပ်မတော်သားများ ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်ရှိပါတယ်။ အဲဒီ ၂၀၀ ကျော်မှာတော့ ကျနော်တို့ကတော့ အခြေအနေ မှန်သမျှသိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။
ထိုစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ တွေ့ရှိချက်များကို လတ်တလောချပြမည်မဟုတ်ဘဲ ပြောသင့်သည့် အချိန်၊ ပြောသင့်သည့် အကြောင်းအရာ၊ ပြောသင့်သည့် အချက်ရှိလာမှသာ အသိပေးပြောကြားသွားမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဒီစုံစမ်းစစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို ပြောသင့်တဲ့အချိန် ပြောသင့်တဲ့အကြောင်းအရာ ပြောသင့်တဲ့အချက်တွေရှိလာရင် အသိပေးပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊မရှိနှင့်ပတ်သက်၍လည်း ဥပဒေပိုင်းဆိုင်ရာများ ဆောင်ရွက်မှု ပြီးဆုံးသွားမှသာ တပ်မတော်အနေဖြင့် ပြောနိုင်ဖြစ်သည်ဟုဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ရာ၌ ရွေးကောက်ပွဲ တရားမျှတမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “တရားမျှတမှု ရှိခြင်း မရှိခြင်း ဆိုတာက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ ဆောင်ရွက်မယ့်အပိုင်းတွေ အားလုံး ပြီးတော့မှ ဒါတွေသည် တရားမျှတမှု ရှိခြင်း/မရှိခြင်းဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောတာက ပိုပြီးသင့်တော်မယ်လို့ထင်ပါတယ်” ဟုပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊မရှိ ဆိုသည်ကို တပ်မတော်က ပြောရမည်မဟုတ်ပဲ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့်သာ သက်ဆိုင်သည်ဟု ဆက်ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ကျတော့ ကျွန်တော်တို့သည် တရားမျှတမှု ရှိခြင်း မရှိခြင်းနဲ့ပတ် သက်ပြီးတော့ ဒါပြောရမယ့် အပိုင်းသည် နိုင်ငံရေးပါတီ အပိုင်းတွေဖြစ်တယ်။ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောသလို ရွေးကောက်ပွဲ တရားမျှတမှု ရှိခြင်း မရှိခြင်းဆိုတာ သည် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရွေးကောက်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေ ရွေးကောက်ပွဲ အပြီးမှာလည်း သူတို့ ပါတီတွေ အနေနဲ့ သူတို့ ပါတီအပိုင်း သူတို့ဆောင်ရွက်တာ ပေါ့နော်။ တိုင်တဲ့ ပါတီတိုင်တယ်။ မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီ ထောက်ခံမယ်။ မထောက်ခံတဲ့ ပါတီ မထောက်ခံဘူး။ ဒါတပ်မတော်နဲ့ မဆိုင်ဘူး သူတို့လုပ်ငန်း တွေပဲ” ဟုပြောသည်။
တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ရွေးကောက်ပွဲ မကျင်းပမီ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ရွေးကောက်ပွဲ အကြိုကာလနှင့်ပတ်သက်ပြီး အခြေအနေ များကို ထုတ်ပြန်ထားခဲ့ပြီဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အစိုးရဖွဲ့နိုင်သည့် အရေအတွက်ကိုကျော်လွန်၍ လွှတ်တော်နေရာ ၉၂၀ အထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများက ထိုရလဒ်ကို တရားမျှတမှု မရှိ ဟု ဆိုကာ ရွေးကောက်ပွဲကို တပ်မတော်နှင့် ပေါင်း၍ ပြန်လည်ကျင်းပပေးရန် UEC ကို တောင်းဆိုထား သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီကို ထောက်ခံသူများကလည်း UEC က ထုတ်ပြန် လိုက်သည့် ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်သောကြောင့် တရားမျှတမှု မရှိဟုဆိုကာ ဆန္ဒထုတ်ဖော်ပွဲ များ ပြုလုပ်လျက်ရှိသည်။