မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် တာဝန်ခံဖြေရှင်းပေးမည်မဟုတ်ဟူသော သတင်းမှားထွက်ပေါ်

မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် တာဝန်ခံဖြေရှင်းပေးမည်မဟုတ်ဟူသော သတင်းမှားထွက်ပေါ်
by -
Hintha

“မဲရုံကိစ္စများဖြင့်တရားစွဲဆိုခံရသည့်ပညာရေးဝန်ထမ်းများအတွက်ဝန်ကြီးဌာနကတာဝန်ခံဖြေရှင်းပေးရန် အစီအစဉ်မရှိဟုပညာရေးဝန်ကြီးပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို Tone Tone အမည်နဲ့  account က နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီ ၄၃ မိနစ်မှာ တင်ခဲ့ပါတယ်။

ပို့စ်တင်ခဲ့တဲ့ နှစ်ရက်တာအတောအတွင်းမှာ ပြန်လည်ဖြန့်ဝေသူ ၂ ထောင်ကျော်ရှိခဲ့ပြီး React ပြုလုပ်သူ ၁၅၀၀ ကျော်ရှိနေပါတယ်။ သတင်းပုံစံရေးသားထားတဲ့ ဒီပို့စ်ရဲ့အောက်ဆုံးမှာတော့ ဝင်းမြင့်၊ ပညာရေး လို့ပါရှိပါတယ်။

သတင်းမှား ရေးသားဖော်ပြချက် အစအဆုံးကို မူရင်းသတ်ပုံအတိုင်း ပြန်လည် ကူးယူဖော်ပြပါမယ်။ ဒီလိုပါ။

"မဲရုံကိစ္စများဖြင့်တရားစွဲဆိုခံရသည့်ပညာရေးဝန်ထမ်းများအတွက်ဝန်ကြီးဌာနကတာဝန်ခံဖြေရှင်းပေးရန်အစီအစဉ်မရှိဟုပညာရေးဝန်ကြီးပြော

၂၄ နိုဝင်ဘာ ရန်ကုန်

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရနှင့် ရွေးကော်ပွဲကော်မရှင်ရဲ့ အကူအညီတောင်းခံမှုအရ ပညာရေးဝန်ထမ်းဆရာ/ဆရာမတွေကို မဲရုံမှုး၊ ဒု-မဲရုံမှု၊ မဲလက်မှတ်ထုတ်ပေးသူနှင့် မဲရေတွက်သူ၊ မှတ်တမ်ပြုစုသူနှင့်မဲရုံလုံခြုံရေးအပါအဝင် အခြားလိုအပ်သည့်နေရာများတွင် ခန့်အပ်တာဝန်ပေးထားခဲ့ပြီး ယခုအချိန်တွင် အောက်ခြေမဲရုံအချို့မှာ မဲမသမာမှုများ ဥပဒေဘောင်ကျော်ဆောင်ရွက်မှုများ ဘက်လိုက်မှုများ ရှိခဲ့သည်ဆိုသည့် စွတ်စွဲချက်များဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့မှ တိုင်ကြားထားသည်များ တရားစွဲဆိုထားသည့် ဖြစ်စဉ်များကိုတွေ့နေရတဲ့အတွက် ပညာရေးမိသားစုအနေနဲ့ စိတ်မကောင်းဖြစ်မိပေမယ့် ဝန်ကြီးဌာနအနေဖြင့်တော့ တာဝန်ခံဖြေရှင်းပေးမည့် အစီအစဉ်မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ပေါ်နိုင်ရေးအတွက် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီးကို (၂၀၂၀) ခုနှစ် နိုဝင်ဘာ (၈) ရက်နေက ကျင်းပပြီးစီးခဲရာ လက်ရှိအာဏာရ NLD ပါတီက အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲကြောင်း ရွေးကောက်ပွဲကော်မရှင် UEC က ကြေငြာခဲပြီး ပြိုင်ဘက်ပါတီများမှ မဲခိုးမဲလိမ်မှုများနှင့် ဥပဒေမဲပြုကျင့်မှုများပြုလုပ်ပြီး အနိုင်ယူသွားသည့် ရွေးကောက်ပွဲရလဒ်အား ကြေနပ်မှုမရှိကြောင်း မဲလိမ်မဲခိုးမှုများနှင့် မဲမသမာမှုများအား ဖော်ထုတ်အရေးယူပေးရန်နှင့် မဲရလဒ် တစ်ဖက်သတ်ကြေငြာမှုအား လက်မခံပဲ ပုံစံ (၁၉) ကို လက်မှတ်မထိုးပဲ ကန်ကွက်ခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူအချို့မှာလည်း ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ကြပြီး မဲရုံများနှင့် မဲရလဒ်များအား ပြန်လည်စစ်ဆေးချက်များအရ သက်သေခံမှတ်တမ်းများဖြင့် မဲရုံတာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကို တရားစွဲဆိုခဲသည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

ယခုလိုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်းနှင့်ပါတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မိမိတို့မှာ တာဝန်မရှိကြောင်း အောက်ခြေမှာဖြစ်နေတဲ့ မဲမသမာမှုတွေကို အောက်ခြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကသာ ဖြေရှင်းကြရမှာဖြစ်ပြီး ပညာဝန်ထမ်းအချို့ရဲ့ မဲခိုးပေးမှုကြောင့် UEC သိက္ခာကို ထိခိုက်ခံရကြောင်းနှင့် အဲ့ဒီကိစ္စတွေအတွက် UEC က ဖြေရှင်းပေးမှာမဟုပ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ ဦးလှသိန်းကပြောကြားခဲ့ပြီးဖြစ်ကြောင်း အဲ့ဒီအမှုတွဲတွေမှာ ပါဝင်ပါတ်သက်ပြီး တိုင်ကြားခံထားရတဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း မိမိတို့ပညာရေးဝန်ကြီးဌာနက တန်ဝန်ခံပေးမှာမဟုပ်ကြောင်း မိမိတာဝန်ယူချိန်မှာ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များအတွက် ကာယကံရှင်တွေကသာ တာဝန်ယူဖြေရှင်းရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးးသိန်းကြီးက ပြည်နယ်အဆင့်ပညာရေးဝန်ထမ်းများနှင့် VIDEOConfrencing မှတစ်ဆင့် တွေ့ဆုံစဉ် ထည့်သွင်းပြေားကြားခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပါတ်သက်ပြီး မဲလိမ်မဲခိုးပေးသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်အဖွဲဝင်အချို့နှင့် ပညာရေးဝန်ထမ်းအချို အားပြိုင်ဘက်ပါတီများမှ တရားစွဲဆိုထားသည့်အမှုများတွင် ပါဝင်ခဲ့သူများသည် ပြစ်မှုထင်ရှားပါက ရွေးကောက်ပွဲဆိုင်ရာဥပဒေများဖြင့် အရေးယူခံရဖွယ်ရှိပြီး အများဆုံး ထောင်ဒဏ်တစ်နှစ်ဖြစ်စေ သို့မဟုတ် ငွေကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမှာဖြစ်ပြီး ပညာရေးဝန်ထမ်းများအနေဖြင့် ပြစ်မှုပြစ်ဒဏ်ထင်ရှား၍ အပြစ်ပေးခံရမည်ဆိုပါက ပညာရေးဝန်ထမ်းအဖြစ်မှလည်း ထုတ်ပယ်ခံရနိုင်ခြေရှိကြောင်း သိရသည်။

ဝင်းမြင့်၊ ပညာရေး"

အထက်ပါအတိုင်း ဖော်ပြထားတာဖြစ်ပြီး သတင်းမှားသာဖြစ်နေတာကို စိစစ်တွေ့ရပါတယ်။

သတင်းစိစစ်ချက်

သတင်းမှာ “တိုင်ကြားခံထားရတဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း မိမိတို့ပညာရေးဝန်ကြီးဌာနက တန်ဝန်ခံပေးမှာ မဟုပ်ကြောင်း မိမိတာဝန်ယူချိန်မှာဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအတွက်ကာ ယကံရှင်တွေကသာ တာဝန်ယူဖြေရှင်းရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး ကပြည်နယ်အဆင့်ပညာရေး ဝန်ထမ်းများနှင့် VIDEOConfrencingမှ တစ်ဆင့်တွေ့ဆုံစဉ်ထည့်သွင်းပြေားကြားခဲ့ကြောင်းသိရသည် ” လို့ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်က တရားစွဲဆိုခြင်းကို ခံထားရတဲ့ ပျော်ဘွယ်မြို့နယ်၊ ပျော်ကုန်းအုပ်စု မဲရုံအမှတ်(၂)မှာ မဲရုံမှူးတာဝန်ကျခဲ့တဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက “ကျွန်မရဲ့ အမှုကိစ္စကိုတော့ အမှုမှန်ပေါ်ပေါက်အောင် ပညာရေးမှူးတွေက ကူညီကြပါတယ်။ ကျွန်မဆီကိုတော့ ကိုယ့်ဘာသာဖြေရှင်းဆိုတာမျိုး ပြောတာမျိုးမရှိပါဘူး။ သက်ဆိုင်ရာ အဆင့်ဆင့်သော ပညာရေးမှူးတွေက ကျွန်မကို အင်တိုက်အားတိုက်ကူညီနေကြပါတယ်” လို့ ဟင်္သာရဲ့ သတင်းတု/သတင်းမှား စိစစ်ရေးအဖွဲ့ကို ဖြေကြားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဆရာ ဦးဇော်မျိုးလှိုင်က “ဒီလိုပြောဆိုမှုတွေရှိတယ်ဆိုတာမျိုး ကျွန်တော်တို့တော့ မကြားမိပါဘူး။ ကျွန်တော်တို့အဖွဲ့ထဲမှာလည်း မဲရုံမှူးတာဝန်ကျသူတွေအများကြီးရှိပါတယ်။ တစ်ချို့အမှုဖွင့်ခံရတဲ့ ဆရာမတွေကိုလည်း သက်ဆိုင်ရာ ပညာရေးမှူးတွေက ကူညီနေကြပါတယ်။ ကျွန်တော်တို့လည်း ဝိုင်းဝန်းကူညီနေကြပါတယ်” လို့ ဟင်္သာကိုပြောပါတယ်။

ဒီသတင်းမှာ “အောက်ခြေမှာဖြစ်နေတဲ့ မဲမသမာမှုတွေကို အောက်ခြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ ကသာ ဖြေရှင်းကြရမှာဖြစ်ပြီး ပညားဝန်ထမ်းအချို့ရဲ့ မဲခိုးပေးမှုကြောင့် UECသိက္ခာကို ထိခိုက်ခံရကြောင်းနှင့် အဲ့ဒီကိစ္စတွေအတွက် UECကဖြေရှင်းပေးမှာ မဟုပ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဦးလှသိန်းပြောကြားခဲ့ပြီးဖြစ်ကြောင်း” ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ပြည်နယ်အဆင့် ပညာရေးဝန်ထမ်းတွေ Vidoe Confrencing စနစ် နဲ့  အွန်လိုင်းအစည်းအဝေး ပြုလုပ်တွေ့ဆုံတယ်ဆိုတာကို ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုက်ဘ်မှာလည်း တရားဝင် အသိပေးထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

ဒီမှာ ဝင်ကြည့်နိုင်ပါတယ် ။ https://cutt.ly/khdw2IZ

ဒီသတင်းအချက်အလက်ဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ကို ဒီမှာကြည့်ပါ ( https://cutt.ly/uhsGPKe )။

မဲရုံးမှူးတာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ပါတီအချို့က အမှုဖွင့်တရားစွဲထားတယ်ဆိုတဲ့ သတင်းတွေအပေါ် အမှီပြုပြီး အခုလိုမျိုး ထင်ယောင်ထင်မှားသတင်းတွေ ထွက်ပေါ်ပြန့်နှံ့နေတယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

ရွေးကောက်ပွဲအလွန်ကာလမှာ သတင်းအမှား ဖန်တီးဖြန့်ဝေမှုတွေ အများအပြား ထွက်ပေါ်ပျံ့နှံ့နေတာမို့ စာဖတ်သူများအနေနဲ့ တရားဝင် အဖွဲ့အစည်းများရဲ့ အခြေအမြစ်ကျကျ ထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာကျင့်ဝတ် လုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြချက်တွေကို အထူးအလေးပေး ဖတ်ရှုနိုင်စေဖို့လည်း ထပ်လောင်း တိုက်တွန်းအပ်ပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...