ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အရေးယူပေးရန်တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ် ၁၉ ပါတီက နိုင်ငံတော်သမ္မတထံ နိုဝင်ဘာ ၂၄ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
အဆိုပါစာတွင် ရွေးကော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်လုပ်ဆောင်ခဲ့ပြီး ဥပဒေက ပေးအပ်ထားသည့် တာဝန်ကို ပျက်ကွက်နေခြင်းကြောင့်ဟု ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၁၉ ခုက ဝေဖန်စွပ်စွဲထားသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မလိုလားအပ်သော တရားမဲ့ပြုကျင့်မှုများ အမြောက်အများဖြစ်ပေါ်စေခဲ့ခြင်းကြောင့် လွတ်လပ်ပြီးတရားမျှတသည့်၊ ပွင့်လင်းမြင်သာသည့်၊ သမာသမတ်ကျ သည့် ရွေးကောက်ပွဲတစ်ခုဟု သတ်မှတ်မရနိုင်သည့် အခြေအနေဖြစ်သည်ဟု ဝေဖန်ထားသည်။ ကော်မရှင်၏ ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ အားနည်းမှုကြောင့် မဲစာရင်းပြုစုဖြန့်ဝေခြင်းများကို စောင့်ကြည့်ခွင့်မပြုခဲ့ကြောင်း၊ ပွင့်လင်းမြင်သာစွာ စစ်ဆေးခွင့်မရှိခြင်း၊ အချိန်မီထုတ်ပြန်ဖို့ ပျက် ကွက်ခြင်းများကြောင့် အားထားယုံကြည်စရာ မဲစာရင်းမဖြစ်တော့ဘဲ မဲရုံကိုယ်စားလှယ်များစောင့်ကြည့်ဖို့ ခက်ခဲစေခဲ့သည်ဟုလည်း စွပ်စွဲထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲကို စံငါးချက်နှင့်အညီကျင်းပပေးဖို့ ပျက်ကွက်ခဲ့သည့်အပြင် ဖွဲ့စည်းပုံဥပဒေအရပေးထားသော တာဝန်များကို ထမ်းဆောင်ဖို့ပျက်ကွက်ခဲ့သည့် ကော်မရှင်ကို သမ္မတအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးအရေးယူပေးရန် နိုင်ငံရေးပါတီ ၁၉ ပါတီက တောင်းဆိုသည်ဟု ယင်းပေးပို့စာတွင် ရေးသားထားသည်။
အဆိုပါ အိတ်ဖွင့်ပေးစားကို လက်မှတ်ရေးထိုးထားသူများမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အမျိုးသားနိုင် ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုး တက်ရေးပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေး ကြိုင်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင် သန်း၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဥက္ကဋ္ဌ ဒေါ်အေးအေးသင်း၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ပူးတွဲ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါ တီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်နှင့် ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦးတို့ ဖြစ်ကြသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်မှအပ ကျန်ပါတီတာဝန်ရှိသူများမှာ လွန်ခဲ့သော သုံးလကျော် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ သွားရောက်ဆွေးနွေထားခဲ့ဖူးသူများဖြစ်ကြောင်း တွေ့ရသည်။
ထိုစဉ်က နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များက တပ်ချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီက ယခု လက်မှတ်ရေးထိုးသူ ဥက္ကဋ္ဌ ဒေါ်အေးအေးသင်းမှာ ထိုစဉ်က မတက်ရောက်ခဲ့သော်လည်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့် တက်ရောက်ခဲ့သည်။
ဖော်ပြပါအိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ထံ နိုဝင်ဘာ ၂၅ မွန်းလွဲပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ “ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားပေးမှာပါ။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲကိုလာခဲ့ပါ” ဟုသာ ဖြေကြားခဲ့သည်။
တောင်းဆိုမှုတွင် ပါဝင်ခဲ့သော အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်တို့ထံ ပေးစာကိစ္စ သဘောထားမှတ်ချက် တစုံတရာရယူနိုင်ရန် နိုဝင်ဘာ ၂၅ မွန်းလွဲပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ရလဒ်အပေါ် အသိအမှတ်မပြုဟု ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲကော်မရှင်နှင့် NLD ပါတီကို စွပ်စွဲမှုများ ပြုလုပ်ခြင်း၊ ဆန္ဒထုတ်ဖော်မှုများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိသည်။
ယခု အိတ်ဖွင့်ပေးစာပါ ပါတီများမှာ ရွေးကောက်ပွဲ မဲရလဒ် အခြေမလှခဲ့သူ အများစု ဖြစ်ကြပြီး ကိုယ်စားလှယ် ရွေးကောက်ခံရမှုရှိထားသည့် ပါတီ ပြည်ခိုင်ဖြိုးအနေဖြင့်လည်း ပြိုင်ဖက်ဒီချုပ်ပါတီနှင့် မဲရလဒ် အပြတ်အသတ် ကွာဟခဲ့သည်။