တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးနိုင်စိုးနှင့်အင်တာဗျူး
နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း တစ်ဦးမှ အနိုင်မရရှိခဲ့ပေ။ ထိုအထဲတွင် ဦးနိုင်စိုးတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် စစ်တွေမြို့နယ် ပြည်နယ်လွှ်တော်မဲဆန္ဒနယ်အမှတ် ၂ တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရခိုင်တွင် တစ်သီးပုဂ္ဂလများ ဘာကြောင့် အောင်မြင်မှုမရသလဲ၊ မည်သို့သောအခက်အခဲများနှင့် တွေ့ကြုံခဲ့ရသလဲ စသဖြင့်သိရှိစေရန် ဦးနိုင်စိုးအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ အရင်ဆုံးအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို သိချင်ပါတယ်။
ဖြေ။ ကျွန်တေ်က တက္ကသိုလ်ကျောင်းသားဘဝကနေစပြီး လူမှုရေးလုပ်ငန်းတွေ၊ မြေအောက်လှုပ်ရှားမှုတွေကို တက္ကသိုလ်ကျောင်းသားဘဝတစ်လျှောက် လုပ်ခဲ့တယ်။ ခုနစ်အရပြောရမယ်ဆိုရင် ၂၀၀၃ / ၂၀၀၄ လောက်မှာ တက္ကသိုလ်ပညာသင်ထောက်ပံ့ရေးနဲ့ သာရေး၊ နာရေးအဖွဲ့ကိုဖွဲ့တယ်။ အဲဒီအဖွဲ့ ဖွဲ့စည်းပြီးတော့ သာရေးနာရေး လုပ်တယ်။ မြေအောက်မှာလည်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်များ အစည်းအရုံးဆိုပြီး ကျောင်းသားတစ်ဦးနဲ့ ချိတ်ဆက်ပြီးတော့ မြေအောက်လှုပ်ရှားမှုတွေလုပ်ခဲ့ကြတယ်။ အဲလိုလုပ်လာရင်းနဲ့ ၂၀၀၇ စက်တင်ဘာရောက်တဲ့အခါ ရွှေဝါရောင်တော်လှန်ရေးမှာ ရခိုင်ပြည်မှာရှိတဲ့ သံဃာတွေ၊ အဓိက ရဟန်းပျိုသမဂ္ဂတွေနဲ့ ကျွန်တော်တို့ ကျောင်းသားတွေပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ဆင်နွဲ့ခဲ့ကြတယ်။ အဲဒီမှာ ကျောင်းသားအချို့ရယ် ကျွန်တော်အပါအဝင်ပေါ့၊ ကျောင်းသားတစ်ချို့ လွတ်မြောက်နေမြို့ကို ထွက်ခွာသွားရတာတွေရှိ တယ်။ ကျွန်တော်ကတော့ လွတ်မြောက်နေမြို့ကို မရောက်လိုက်ဘူး။ ဒီရခိုင်ပြည်ထဲကို ပြန်ဝင်လာပြီး ကျောင်းသားအရေး မြေအောက်လှုပ်ရှားမူကို ဆက်ပြီးတော့ လုပ်ရှားခဲ့တယ်။ တက္ကသိုလ်ပညာကို ပြီးအောင်သင်ကြားခဲ့တယ်။ အဲလိုလှုပ်ရှားနေရင်းနဲ့ ကျောင်းပြီးတယ်။ ၂၀၀၉ ခုနစ်ရောက်တဲ့အချိန်မှာ မြေအောက်လုပ်ငန်းလုပ်နေရင်းနဲ့ ကျွန်တော်တို့ဂလက်ဆီထဲက တစ်ဦး သစ္စာဖောက်တဲ့အတွက်ကြောင့် ပြည်တွင်းထဲမှာရှိတဲ့ ဂလက်ဆီမှာလုပ်တဲ့ လူတော်တော်များများက ကျောင်းသားခေါင်းဆောင်တွေ လူငယ်ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ တချို့လည်း လွတ်မြောက်ခဲ့တယ်။ လူအယောက် သုံးဆယ်ကျော် စာရင်းပေးပြီး ဖမ်းဆီးခွင့်ဝရမ်းထွက်တဲ့ထဲမှာ ကျောင်းသား ဆယ့်တစ်ယောက်ပါဝင်ခဲ့တယ်။ အဲလိုအဖမ်းခံပြီးတော့ ၂၀၁၃ မှာ ကျွန်တော်တို့ လွတ်လာတယ်။ ကျောင်းသားဆယ့်တစ်ယောက်က စစ်တွေရဲ့ အင်းစိန်၊ မန္တလေး၊ ပခုက္ကူ အစရှိတဲ့မြို့မှာ တခြားသူတွေဆိုရင် ငမော်တို့၊ မြိတ်ကြီးနားတို့၊ ကသာတို့ ကျွန်တော်တို့ ကျောင်းသား တွေနေရာအနှံ့ အကျဉ်းကျခံရဖူးတယ်။ ပြန်ပြီးလွတ်မြောက်လာတယ်။ ကျွန်တော်၂၀၁၃ မတ်လမှာ လွတ်လာပြီးတော့ ၂၀၁၄၊ ၂၀၁၅ မှာလွတ်မြောက်လာတဲ့ကျောင်းသားတွေ၊ ၂၀၁၀ မှာ ပြန်ဝင်လာတဲ့လူတစ်ချို့ရယ် ထောင်ထဲကလွတ်လာတဲ့လူတွေ၊ ပြည်တွင်းထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေ အကုန်လုံးပေါင်းပြီးတော့ ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုဆိုပြီးတော့ ပြန်လည်ဖွဲ့စည်းကြတယ်။ ပြီးတော့ အဲဒီနိုင်ငံရေး တစ်လျှောက်ပဲ လက်ရှိ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အမျိုးသားနိုင်ငံရေးဖြတ်သန်းမှုကို ကျနော်တို့ ဆက်ပြီးလျှောက်လှမ်းခဲ့ကြတယ်။ အကျဉ်းချုပ်ကတော့ ဒီလောက်ပါပဲ။
မေး။ ဦးနိုင်စိုးအနေနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ပထမဆုံးဝင်ပြိုင်တာလည်းဖြစ်တယ်၊ ဘယ်လိုမျိုးအခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံခဲ့ရလဲ။
ဖြေ။ ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုပြီး ကြွေးကြော်လိုက်တဲ့အချိန်မှာ ကျွန်တော်နဲ့ လက်တွဲဖော်လုပ်ခဲ့တဲ့လူတွေ ကျောင်းသားဘဝက နိုင်ငံရေးလှုပ်ရှားလာတဲ့ ရဲဘော်ရဲဘက်တွေရဲ့ လှုံ့ဆော်မှုတွေ၊ ထောက်ခံမှုတွေကြောင့် လူတစ်ကျော့ပြန် သိလာတယ်လို့ ယူဆလို့ရတယ်။ အွန်လိုင်းမီဒီယာကလည်း ကောင်းတယ်ဆိုတော့ ဝန်းရံကြတဲ့ လူတွေလည်း အွန်လိုင်းပေါ်မှာ ဝန်းရံကြတဲ့အတွက် ထိထိရောက် ရောက်ရှိခဲ့တယ်။ ပါတီတွေကို တစ်သီးပုဂ္ဂလအ နေနဲ့ ပြိုင်ရတဲ့အချိန်ကျတော့ အင်အားကမမျှဘူး။ ပါတီရဲ့ အင်အားနဲ့ တစ်သီးပုဂ္ဂလအင်အားက မမျှဘူး။ လူအင်အားမမျှဘူး၊ ငွေအင်အားမမျှဘူး။ နောက်တစ်ခုအားနည်ချက်က ပါတီတွေက နဂိုကတည်းကနေ ပြည်သူတွေကို ထိုးဖောက်ပြီးသားဖြစ်တယ်။ ကျွန်တော်က တစ်သီးပုဂ္ဂလဆိုပေမယ့် လူကိုပဲသိတယ်။ ကျွန်တော်ရဲ့ Logo ကိုမသိ ဘူး။ အမှတ်သင်္ကေတကိုမသိတဲ့ အခါကျတော့၊ အဲဒီအမှတ်သင်္ကေတကို ထိုးဖောက်ရတာ တော်တော်ကို ခက်ခဲတယ်။ ပြီးတော့ သင်္ကေတတစ်ခုကို တိုးဖောက်တဲ့အခါ ပြည်သူတွေက အဲလောက်အစွဲအမှတ်မကြီးဘူး။ ရခိုင်ဆိုတဲ့ သင်္ကေတ သူတို့ဦးနှောက်ရှိနေတယ်။ အဲဒီထက်ကို ဖောက်ရတာ အခက်အခဲဖြစ်တယ်။ အားနည်းချက်က ပြင်ဆင်ချိန်မရလိုက်ဘူး၊ အဲလိုစိန်ခေါ်မှုတွေရှိခဲ့တယ်။ ပြည်သူတွေနဲ့ အချိန်အတိုင်းတာအားဖြင့် လုပ်ရတာ နည်းနည်းလိုအပ်ခဲ့တယ်။ အဲဒါကြောင့် စိန်ခေါ်မှုတွေအများကြီးရှိခဲ့တယ်လို့ ထင်တယ်။ အတွေ့အကြုံကတော့ အများကြီးရခဲ့တယ်။ လူတွေရဲ့စိတ်သဘောထား။ အဓိက ရခိုင်တွေရဲ့စိတ်ကို အများကြီးသိခဲ့ရတယ်။ အံ့သြလောက်အောင် ကြောက်ခမန်းလိလိကို ရခိုင်တွေမျိုးချစ်စိတ်ဓာတ်ပြင်းထန်တယ်ဆိုတာကို ဒီ (ရွေးကောက်ပွဲ) မှာ သိခဲ့ရတယ်။ ဦးနိုင်စိုးကိုပေးမယ် ဆိုပြီးတော့ တစ်ထစ်ချယုံကြည်ရလောက်တဲ့ အခြေအနေမှာရှိတယ်။ ဒါပေမယ့် ရခိုင်တွေရဲ့ မျိုးချစ်စိတ်ဟာ ဒါကိုကျော်လွန်သွားတယ်။ ဦးနိုင်စိုးရဲ့ အရည်အချင်းဆိုတာထက် ရခိုင်ဆိုတဲ့ ဦးတည်ချက်တစ်ခုကို ရခိုင်တွေက သွားခဲ့ကြတယ်။ တော်တော်လေးစားဖို့လဲကောင်းသလို ရခိုင်ပြည်ရဲ့မျိုး ချစ်စိတ်ဟာ ကြောက်ခမန်းလိလိလို့ပြောလို့ရတယ်။ ကျွန်တော်တို့ တောင်ပိုင်းမှာ ကိုးမြို့နယ်ပယ်လိုက်တဲ့အ တွက်ကြောင့် ANP ဟာတောင်ပိုင်းမှာ သွားပြီးတော့ မဲဆွယ်စည်းရုံးရေးလုပ်တယ်။ အဲဒီတောင်ပိုင်းက အုံကြွလာ တဲ့အချိန်မှာ ဒီမြောက်ဘက်ပိုင်းကလူတွေက လိုက်ပြီးတော့ ဒါငါတို့ရဲ့ ရခိုင်ကို ငါတို့ပေးကိုပေးရတော့မယ်ဆိုတဲ့ စိတ်ဟာ မနှိုးဆွဘဲနဲ့ နိုးကြားသွားတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဘယ်လိုပဲ လိုက်လိုက် မမီနိုင်ဖြစ်သွားတယ်။ ကိုယ်အသာစီးရနေတဲ့ အချိန်မှာ ရခိုင်တွေရဲ့မျိုးချစ်စိတ်ဟာ အရည်အချင်းထက်၊ ပြောရမယ်ဆို ရခိုင်ဆိုရင် ဝါးလုံး ကို အဝတ်စွတ်ထားပြီး ယှဉ်ပြိုင်ရင်တောင်မှ မဲပေးမဲ့အခြေနေရှိတယ်။ ဘာလို့ဆိုလဲဆိုရင် ရခိုင်ဆိုတဲ့ နာမဝိသေ သနအောက်မှာ ဘယ်လိုလူတွေဘဲပြိုင်ပြိုင် ရခိုင်ဆိုတဲ့ဂုဏ်ကို အနိုင်ပေးမှာဘဲ။ ရခိုင်တွေရဲ့ မျိုးချစ်စိတ်က အဲ့လောက်ကြီးတယ်။ လူပုဂ္ဂိုလ်ကို မကြည့်တော့ဘူး၊ ရခိုင်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုပေးလိုက်တယ်။ အဲဒီဟာကို ကျွန်တော်တစ်သီးပုဂ္ဂလ အနေနဲ့ ဘယ်လောက်ပဲကိုယ်က ပြည်သူ အတွက် လုပ်ဆောင်ခဲ့ပါစေ။ လုပ်မယ်လို့ ကြွေးကြော်ထားပါစေ။ လုပ်နေပါစေ ပြည်သူတွေရဲ့ ရင်ထဲမှာရှိတာက ရခိုင်၊ ငါတို့ရခိုင်နိုင်ရမယ်ဆိုတဲ့ သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ကျွန်တော်မကျော်လွှားနိုင်ခဲ့ဘူး။ ဒါအတွေ့အကြုံတစ်ခုပေါ့။
မေး။ ရခိုင်မှာက ANP၊ AFP၊ ALD အခြေစိုက် နိုင်ငံရေးပါတီသုံးသုံးခုရှိတယ်ပေါ့နော်၊ အဲဒီအထဲမှာမှ ဦးနိုင်စိုးက ဘာကြောင့် တစ်သီးပုရဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့တာလဲ။
ဖြေ။ ပထမဆုံးအနေနဲ့ ကျွန်တော်က ကျောင်းသားနိုင်ငံရေးကနေ လွှတ်တော်နိုင်ငံရေးကိုသွားမဲ့အချိန်ထိ ဘယ်ပါတီကိုမှ ဝင်ရောက်ခဲ့တာမရှိဘူး။ ဘာဖြစ်လို့ဆိုတော့ ပြိုင်မယ်ဆိုရင် ပါတီတစ်ခုကို ချက်ချင်းကြီး ဝင်ပြိုင်ရမှာ။ အဲလိုအချိန်တွေကျတော့ ပါတီအချင်းချင်းမှာ တစ်ချို့ ဂလက်ဆီတွေက အောက်ခြေကလူကို ကြည်ဖြူချင်မှ ကြည်ဖြူမယ်။ ကျွန်တော်ဝင်ရောက်ခဲ့ရင်လည်း မကြည်ဖြူတဲ့လူတွေနဲ့ ထိပ်တိုက် တွေ့ရရင် အောင်နိုင်ရေးက မသေချာဘူးလို့ ခန့်မှန်းတာပေါ့။ တကယ်လို့ ပါတီထဲကို ဝင်ရောက်ခဲ့မယ်ဆိုရင် တစ်ချို့ လူကြီးတွေက ဝင်ပြိုင်လို့ပြောမယ်။ ဘယ်ပါတီဘဲဖြစ်ဖြစ် ပါတီတစ်ခုတော့ ဝင်ပြိုင်နေအုံး။ ဒါပေမယ့် အဲ့နေရာမှာ လျာထားတဲ့သူရှိနေရင် ကျွန်တော်ဝင်ပြိုင်လိုက်လို့ရှိရင် လျာထားခံရတဲ့သူက ကျေနပ်မလား။ အဲလို တွေးထားတဲ့ အတွေးပေါ့။ နောက်တစ်ချက်က ဝင်ပြိုင်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်အခွင့်ရေးသမားဖြစ်သွားမယ်။ အဲဒါ ကြောင့် ပြည်သူကို ပါတီအပြင်ကလည်း ဒီလိုအလုပ်အကျွေးပြုလို့ရတယ်ဆိုတာ ပြချင်တာလည်းပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ပြည်သူကို အလုပ်အကျွေးပြုနိုင်တယ်ဆိုတာ ပြချင်တဲ့ဟာလည်းပါတယ်။ အဲဒါကြောင့် ကျွန်တော်တစ်သီးပုဂ္ဂလဝင်ပြိုင်တာပါ။
မေး။ ဦးနိုင်စိုးရဲ့ မဲရလဒ်က လေးထောင်ကျော်၊ ငါးထောင်နီးပါးရှိတယ်။ အနိုင်ရတဲ့ ANP ပါတီကတော့ တစ်သောင်းကျော်လောက်ရှိတယ်။ မဲတော့ရခဲ့တယ်ပေါ့။ ဒီမဲကွာဟမှုအပေါ်မှာ သုံးသပ်ပေးပေးစေချင်ပါတယ်။
ဖြေ။ ကျွန်တော့် အမာခံတွေနယ်မြေ အုန်းတစ်ပင်ဆိုရင် ရုံးစိုက်ထားတယ်။ အုန်းတစ်ပင်ရပ်ကွက်ဆိုရင် ကျွန်တော့်အမျိုးတွေရော မိဘတွေရဲ့ ဇာတိလည်းဖြစ်တယ်။ အဲနေရာမှာကျွန်တော်လူမှုရေးလုပ်ငန်းလုပ်လာတဲ့ နယ်ပယ်လည်းဖြစ်တယ်။ ကျွန်တော်တို့ တပည့်တွေလည်း အများကြီး ရှိတယ်။ အုန်းတစ်ပင်ရပ်ကွက်က သိတဲ့ သူတွေတော်တော်များတယ်။ ဒါပေမယ့် အဲရပ်ကွက်တွေ အပယ်ခံရတယ်။ တစ်ချို့နေရာတွေဆိုရင် တောဂန် ရွာမှာဆိုရင် ကျွန်တော်တို့က ပြည်သူကို မဲပေးတာနဲ့ပတ်သက်ပြီး နားလည်အောင် လုပ်ရတယ်။ ပြည်သူက မဲပေးတဲ့အချိန် ကျရင် အဲလောက် ဉာဏ်မပြေးဘူး။ မပြေးတော့ ကျွန်တော့ကို မဲပေးချင်ရင် မဲပုံးဘယ်လောက်မှာ ဘယ်အမှတ်စဉ်၊ ဘယ်နေရာမှာရှိလဲ အဲဒါကို ရှာပြီးပေးကြပါလို့ နားလည်အောင်လုပ်ပေးရတယ်။ တစ်ချို့နေရာတွေမှာ မဲပုံးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ပြည်နယ်လွှတ်တော် အဲလိုစီရတယ်။ ကျနော်တို့ ပြည်သူကိုအသိပေးထားတာက နောက်ဆုံး မဲထည့်ရမယ့်ပုံးမှာ ကျွန်တော့တံဆိပ်ရှိတယ်။ အဲမှာ ရှာပြီးထည့်ပါလို့ ပြောချင်တယ်။ ဒါပေမယ့် မဲရုံတွေကို လှည့်ပတ်ပြီးကြည့်တဲ့ အခါမှာတော့ မဲရုံတော်တော်များများမှာ ကျွန်တော့ပုံးက အလယ်ရောက်နေတယ်။ ကျွန်တော့က မေးတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပြည်နယ် လွှတ်တော်ကြားမှာ ဘယ်သူစီထားမှန်းမသိ။ရပ်ကွက်ရွေးကော်ကိုမေးရင်လည်း မဲရုံမှူးတွေလုပ်တာတဲ့။မဲရုံမှူးတွေ မေးရင်လည်း ဒါသူတို့လုပ်တာပဲတဲ့။ အစဉ်လိုက်ထားထားတာကို ရွာသားတွေကလာမေးတယ်။ ဆရာ ဆရာပုံးရှာမတွေ့ဘူး ၊တစ်ရွာလုံးရှာမတွေ့ဘူးလို့ပြောတယ်။ မဲရုံလည်းရောက်မှကြည့်တော့ ဟုတ်တာပဲ။ နောက်ဆုံးမှာမဟုတ်ပဲ အလယ်ရောက်နေလို့ သူတို့ရှာနေတာက နောက်ဆုံးမှာ အဲလိုကလည်း အခက်အခဲ တွေရှိတာပေါ့။ အဲလိုလွဲချော်မှု တွေရှိတယ်။ အဲဒီလွဲချော်မှု နည်းနည်းလေးပဲ။ ဒါပေမယ့် အဓိက ရခိုင်ပြည်သူတွေဟာ မျိုးချစ်စိတ်တအားနိုးကြားသွားတယ်။ ငါတို့ ရခိုင်နိုင်ရမယ်ဆိုတဲ့ စိတ်တစ်ခုကြောင့်ပဲ ကျနော်ရှုံးနိမ့်တယ်လို့ ယူဆတယ်။
မေး။ ဦးနိုင်စိုးအနေနဲ့ အနိုင်ရရှိသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းချင်တာရှိလား။
ဖြေ။ နိုင်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပထမတစ်ချက်ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားရမှာဖြစ်တဲ့အတွက်ကြောင့် ရခိုင်ကံကြမ္မာကို လွှတ်တော်ထဲကယူလို့မရဘူး။ ဒါပေမယ့် ဖွံ့ဖြိုးရေးကိစ္စတွေ ကို အများကြီးလုပ်လို့ရတာတွေရှိတယ်။ ရခိုင်ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် စားဝတ်နေရေး အပါ အဝင်အကုန်လုံးကို လုပ်ဆောင်ပေးပါ။ ရခိုင် ကုန်သွယ်မှုကို အဓိကအလေးထားပေးပါ။ အဓိကစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကိုမှီခိုနေရတာ ဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေးကိုအဓိက အလေးထားပြီးတော့ ပြည်ပကုန်သွယ်မှုတွေကို ရနိုင်အောင် ကြိုးစားပေးစေချင်တယ်။စစ်တွေမြို့ပေါ်မှာ စည်ပင်ကိစ္စကို လုပ်စေချင်ပါတယ်။ ကျွန်တော် တို့ စစ်တွေမြို့ဟာ အင်္ဂလိပ်ခေတ်က တည်ခဲ့တဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက် တကယ့်ကိုစည်းစနစ် ကျကျ ငယ်ငယ် တုန်းကဆိုရင် အရမ်းလှတယ်။ အခုဆိုရင်ပုံဆိုးပန်းဆိုးဖြစ် သွားတယ်။ စည်းမဲ့ကမ်းမဲ့တွေ အများကြီး တွေ့ရတယ်။ စည်ပင်စနစ်ကို အဓိကထားပြီး လုပ်ပေးစေချင်တယ်။ ရေမြောင်းတွေကအစ အမှိုက်တွေပေါ့။ ပြီးတော့ ကျူးကျော်နေတဲ့ဟာတွေ စည်ပင် ဧရိယာထဲမှာ ကျူးကျော်တွေရှိတယ်။ မြို့ရဲ့အလှအပကို ပျက်စီး တာတွေရှိတယ်။ ဒါတွေကို စနစ် တကျနဲ့ ပြည်သူတွေလည်း မနစ်နာအောင် တနစ်တကျလုပ်ပေးဖို့လိုအပ်တယ် လို့တော့ထင်တယ်။ စည်ပင်ဥပဒေတွေကလည်း အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ပေးစေချင်တယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို မြို့လှပဖို့နဲ့ စစ်တွေမြို့ဟာ တကယ့်ကို ကမ္ဘာမှာ လှနိုင်တဲ့ ဟာမဖြစ်ရင်တောင်မှ အရှေ့တောင်အာရှလောက်မှာ တန်းဝင်နိုင်အောင် လှပတဲ့မြို့တစ်မြို့ လုပ်ပေးစေချင်တယ်လို့ မေတ္တာရပ်ခံချင်ပါတယ်။
မေး။ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်သွားဖို့ရှိလား။ ဝင်ပြိုင်မယ်ဆိုရင်ရော တစ်သီးပုဂ္ဂလအနေနဲ့ပဲ ပြိုင်မလား။
ဖြေ။ ကျနော်က နိုင်ငံရေးသမားလို့ခံယူထားတဲ့အတွက် လွှတ်တော်ထဲကိုမရောက်လည်း နိုင်ငံရေးလုပ်နေမယ်။ လူမှုရေးလည်း လုပ်နေမယ်။ ဒါပေမယ့် ၂၀၂၅ မှာ အခြေနေပေးလာခဲ့မယ်ဆိုရင် ဝင်ပြိုင်ကောင်း ဝင်ပြိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် ၂၀၂၅ ကတော့ ဆက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေမယ်။ ၂၀၂၅ လောက်မှာ ကျွန်တော်ကို ပြည်သူက လက်ခံလာနိုင်လောက်တဲ့ အခြေနေရှိတယ်ဆိုရင် ဝင်ပြိုင်ကောင်း ဝင်ပြိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် တစ်သီးပုဂ္ဂလ ဖြစ်ချင်လည်းဖြစ်မယ်၊ ပါတီကဖြစ်ချင်လည်းဖြစ်မယ်။ ဒါတော့ မသေချာဘူးပေါ့နော်။ ဒီ ငါးနှစ်အတွင်းမှာ အများကြီး တည်ဆောက်ရအုံးမယ်။ တည်ဆောက်လို့ အခြေနေပေးခဲ့ရင်တော့ ဝင်မယ်။ အခြေနေမပေးခဲ့ရင်တော့ စောင့်ရအုံးမှာပေါ့နော်။ ကိုယ့်ရဲ့အရည်ချင်းတစ်ခု ပြည့်စုံနိုင်အောင်ထိ လိုအပ်တဲ့ဟာတွေကို ဖြစ်လာအောင်ထိ ကြိုးစားရအုံးမှာပါ။ ဒါပေမယ့် နိုင်ငံရေးကိုတော့ ဆက်လက်ပြီး လျှောက်လှမ်းသွားအုံးမှာပါ။
မေး။ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေ ရခိုင်ပြည်သူတွေကို တော်တော်လေးစားပါတယ်။ သူတို့လိုချင်တဲ့ သင့်တော်မယ်လို့ထင်တဲ့ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြတယ်။ အဲတာကြောင့် အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်တယ်။ ပြည်သူတွေနိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတဲ့ ဟောပြောချက်တွေမှာလည်း အမြဲတမ်းပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ပြည်သူကို မျက်နှာမလှည့်ပဲနဲ့ ပြည်သူ့အကျိုးကို ရှေ့ရှုပြီးတော့ လုပ်ဆောင်ပေးကြဖို့ မျှော်လင့်ပါတယ်လို့ ပြောချင်တယ်။