တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးအတွက်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပေးပို့သည့်စာ တိုင်းရင်းသားပါတီတချို့ထံ မရောက်ရှိသေးခြင်းက ကိုဗစ်ကြောင့် လမ်းတွင်ကြန့်ကြာနေခြင်းဖြစ်ကြောင်း ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
“ဒါက အိတ်ဖွင့်ပေးစာလည်းဖြစ်တယ်၊ အွန်လိုင်းကတစ်ဆင့်ကြေညာလိုက်တယ်၊ ပြီးတော့ စာတိုက်က တစ်ဆင့်လည်း စာအမှတ်တပ်ပြီး ပို့တယ်။ဒါပေမယ့်အခု ကိုဗစ် ကာလအတွင်းမှာ ဒီစာပို့စနစ်က အများကြီးနှေင့်နှေးသွား တယ်။ မြို့နယ်၊ ခရိုင်ပြီးမှ တိုင်းနဲပြည်နယ်စာတိုက်ကြီး အဲလိုတစ်ဆင့်ဆင့်သွားနေရတဲ့အခါ အဲလိုကြာ တာတွေရှိ တယ်” ဟု ၎င်းကပြောသည်။
NLDက "နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စ" ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုသို့ အိတ်ဖွင့်စာကို နိုဝင်ဘာ ၁၂ ရက်တွင်ပေးပို့ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် တိုင်းရင်းသားပါတီအသီးသီးထံ အိတ်ဖွင့်စာကို တပြိုင်တည်း စာတိုက်မှ တစ်ဆင့်ပေးပို့ခဲ့ သော်လည်း လက်ရှိအချိန်ထိ (နိုဝင်ဘာ ၂၄ရက်) ကြာသည့်တိုင တိုင်းရင်းသားပါတီတချို့ လက်ခံမရရှိသေးပေ။
ယင်းအထဲတွင် ရခိုင်ပြည်နယ် အခြေစိုက်ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီများထံသို့ အိတ်ဖွင့်ပေးစာ မရောက်ရှိသေးကြောင်း သက်ဆိုင် ရာပါတီတာဝန်ရှိသူများကပြောသည်။ထို့သို့ တရားဝင်စာမရောက်ရှိသေးသည့်အတွက် လက်ရှိအချိန်တွင် သဘောထားမှတ်ချက်ပေး၍မရသေးကြောင်း ယင်းပါတီများမှ တာဝန်ရှိသူများက ဆိုသည်။
NLD ပါတီအဖွဲ့ချုပ်က အိတ်ဖွင့်ပေးစာပေးပို့ရာတွင် ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD ပါတီအဖွဲ့ချုပ်သည် နောင်အနာဂါတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။
“တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တဲ့ပုံစံမျိုးနဲ့ လုပ်တာက ဒီမိုကရေစီကူးပြောင်းတဲ့ကာလတစ်ခုမှာ ကောင်း ပါတယ်။ အရင်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ဆွေးနွေးဖို့ဆိုပြီး ပြောခဲ့စကားလောက်ပဲ တွေ့ဖူးတယ်။ လက်တွေ့လုပ်ခဲ့တာမတွေ့ခဲ့ဘူး။ NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာေပါ့။အခုချိန်မှာ အမှန်တကယ်လုပ်မယ် ဆိုရင်တော့ ကောင်းတယ်လို့မြင်တယ် ” ဟု AFP ပါတီ နာယက ဦးကျော်လွင်က ပြောသည်။
ယင်းအပြင် တိုင်းရင်းသားပါတီများအနေဖြင့် NLD ပါတီအဖွဲ့ချုပ်ကဖော်ဆောင် မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း NLD ၏ အိတ်ဖွင့်စာတွင် ရေးသားထားသည်။
(NLD)ပါတီမှ အိတ်ဖွင့်စာပေးပို့ခဲ့သည့် တိုင်းရင်းသားပါတီ (၄၈) ခုထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ပါဝင်သည်။