စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ရှိ မြေဧက ၃၆၀၀၀ ကျော်ပေါ်တွင် အကောင်အထည်ဖော်မည့် သတ္တုရှာဖွေခွင့်စီမံကိန်းနှင့် ပတ်သက်၍ နောက်တက်လာမည့်အစိုးရက ဖြေရှင်းပေးရန်မျှော်လင့်ကြောင်း ယင်းစီမံကိန်းအား ဦးဆောင်ကန့်ကွက်ခဲ့သည့် ဆရာတော် အရှင်ဓမ္မာလောက,ကမိန့်ကြားသည်။
အဆိုပါ စီမံကိန်းကို Wuntho Resources ကုမ္ပဏီက တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်ပြီး ဗန်းမောက်မြို့နယ်ရှိ မြေဧက ၃၆၄၉၁ ဧကတွင် သတ္ထုရှာဖွေရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
"ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ်များတွင် ရွှေသတ္ထုနှင့် ကြေးနီလုပ်ဖို့မြေဧကများစွာ လုပ်ကွက်လျှောက်တာဟာ ပြည်သူလူထုအတွက်အစစအရာကျဉ်းထကျပ်ထဲ ရောက်စေပါတယ်။ သူတို့လုပ်မယ့်လုပ်ငန်းနဲ့ ပတ်သက်တာတွေကို ပြည်သူလူထုကိုချပြတာတွေမရှိဘူး။ ဒီဒေသတွေမှာက သျှမ်းနီ၊ ကတူး၊ ကနန်းနဲ့ ဗမာမှတ်ပုံတင်ကိုင်ထားတဲ့ တိုင်းရင်းသားအချို့ အများဆုံးနေထိုင်ကြတဲ့ ဒေသဖြစ်တဲ့အတွက် တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေနဲ့အညီအရင်ဦးဆုံး လုပ်ဆောင်ပြီးမှ လုပ်ကွက်တွေလျှောက်သင့်ပါတယ်။ ဒီကိစ္စတွေကို ပြည်သူရွေးကောက်တဲ့အစိုးရမကြာခင်တက်လာတော့မယ်။ဒီကိစ္စကို နောက်ဖွဲ့မယ့်အစိုးရ ဖြေရှင်းပေးဖို့ မျှော်လင့်တယ်” ဟု ဆရာတော်အရှင်ဓမ္မာလောက, ကမိန့်ကြားသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများက ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ သက်ဆိုင်ရာကို တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။
ထိုလုပ်ကွက်မြေနေရာများသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေအရ ကန့်ကွက်မည်ဆိုပါက ခိုင်လုံသောသက်သေများဖြင့်ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်သူမရှိပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနက (ဗန်းမောက်) က စက်တင်ဘာ ၂၁ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားခဲ့ပြီး ဗန်းမောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၏ ကန့်ကွက်နိုင်မှုအကြောင်းကြားစာတွင် ကျေးရွာ၁၂ ရွာပါဝင်ပြီး စီမံကိန်းမြေဧကမှာ ၃၆၄၉၁ ဧက ဖြစ်သည်။
ကန့်ကွက်နိုင်မှုကျေးရွာစာရင်းတွင် စာခမ်း၊ စီကတောင်၊ ယာယူး၊ မံယူကြီး၊ မံယူပေကုန်း၊ ပင်ဟင်းခါး၊ ဟဲချိန်၊ ပန်းတော၊ မံလောင်ပေပင်၊ မံစီကြီး၊ နောင်ပတ်၊ နမ့်မားကျေးရွာတို့ဖြစ်ပြီး စီမံကိန်းဧရိယာများတွင် ဗန်းမောက်မြို့နယ်၏ အထင်ကရဖြစ်သော ဇလုံးတောင်ဘုရားနှင့် ထိစပ်နေသောနေရာများ ပါ၀င်နေခြင်းကြောင့် ဒေသခံများက စိုးရိမ်မှုများမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ကန့်ကွက်ချင်ကြတယ်။ ဦးဆောင်တဲ့သူမရှိကြဘူး။ သူတို့စိတ်ထဲမှာတော့ မဖြစ်သေးဘူး။ ကန့်ကွက်ရမယ်ဆိုတာတော့ သိကြတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်။ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ဦးဇင်းတို့သွားတဲ့အခါမှ ကန့်ကွက်ကြမယ်ဆိုတဲ့ အာဘောင်အာရင်းသန်သန်နဲ့ လုပ်ကြတယ်” ဆရာတော်အရှင်ဓမ္မာလောက, ကမိန့်ကြားသည်။
Wuntho Resources ကုမ္ပဏီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ရှိ ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များရှိ မြေဧက သုံးသိန်းခုနှစ်သောင်းကျော်တွင် ရွှေ၊ ကြေးနီနှင့် သတ္တုစမ်းသပ်ရှာဖွေရေးအတွက် လုပ်ငန်းလိုင်စင်ရရှိထားကြောင်း ကုမ္ပဏီက မေလတွင် ကြေညာခဲ့သည်။
ထို့အပြင် ဗန်းမောက်မြို့နယ်အတွင်းတွင် Access Resource Asia ကုမ္ပဏီကလည်း ဗန်းမောက်အနောက်ဘက်ခြမ်းရှိ မြေဧက ၃၄၉၄၄ ဧကတွင် ရွှေနှင့်ဆက်စပ်သတ္တုများစမ်းသပ်ရှာဖွေရန် မြေလွတ် မြေရိုင်း အသုံးပြုခွင့်လျှောက်ထားကြောင်း သိရသည်။