USDP က မဲလိမ်မှုအတွက် UEC ကိုတိုင်ကြားတဲ့စာတွေ ဖျောက်ဖျက်ခံရဆိုတာ ပါအဝင် အချက်အလက်အမှားများ

USDP က မဲလိမ်မှုအတွက် UEC ကိုတိုင်ကြားတဲ့စာတွေ ဖျောက်ဖျက်ခံရဆိုတာ ပါအဝင် အချက်အလက်အမှားများ
by -
Hintha

“USDP က မဲလိမ်လည်မှုအတွက် UEC ကို တိုင်ကြားတဲ့စာတွေ ဖျောက်ဖျက်ခံရတယ်ဆိုတဲ့ သတင်းတွေဖတ်ရသလို ပါတီအားလုံးရဲ့ တရားမျှတ မှုအတွက် တိုင်ကြားခြင်းစာအားလုံးကို UEC က ဖြေရှင်းမပေးဖို့ ပြည်သူလူထုကို ချမပြဖို့ အာဏာရှင်က အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်းဖတ်ရတယ်” လို့ အစချီထားတဲ့ သတင်းအချက်အလက်အမှားပါတဲ့ပို့စ်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

Kyaw Swar လို့အမည်ရတဲ့ အကောင့်ကနေတင်ခဲ့တဲ့ ဒီပို့စ်မှာ “မဲခိုးတိုင်ကြားထားတဲ့အမှု ၁၀၂၃ မှု ရှိပါတယ်” ဆိုတဲ့ အချက်အလက်အမှားတွေ အများကြီးပါဝင်နေပါတယ်။ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁၀ နာရီ ၅၈ မိနစ်မှာ တင်ခဲ့တာပါ။ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် ၁၁ နာရီ ၂၉ မိနစ်မှာလည်း တစ်ကြိမ် ပြန်လည်ပြင်ဆင် Edit လုပ်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ပို့စ်အစအဆုံးကို (မူရင်းသတ်ပုံအတိုင်း) ပြန်ကူးယူဖော်ပြပါမယ်။

"USDP က မဲလိမ်လည်မှုအတွက် UEC ကို တိုင်ကြားတဲ့စာတွေ ဖျောက်ဖျက်ခံရတယ်ဆိုတဲ့ သတင်းတွေဖတ်ရသလို ပါတီအားလုံးရဲ့ တရားမျှတ မှုအတွက် တိုင်ကြားခြင်းစာအားလုံးကို UEC က ဖြေရှင်းမပေးဖို့ ပြည်သူလူထုကို ချမပြဖို့ အာဏာရှင်က အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်ရတယ်။ ဆိုလိုတာက NLD အုပ်စုဟာ ပြသနာအားလုံးကို ဒီတိုင်းထားပြီး အစိုးရ ရအောင်ဖွဲ့သွားမယ်ဆိုတဲ့ပုံစံမျိုး လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။ ဒီလိုသာဆိုရင် ဒါက နိုင်ငံရေးလူပါးဝတာလေ ဘယ်သူက မတရားမှုကို ခေါင်းငုံ့ခံမှာမဟုတ်တဲ့အတွက် ပြသနာ အကြီးကြီး ဖြစ်သွားမှာပါ။ တပ်မတော်က ဝင်မပါဘူးဆိုပြီး ပြသနာတွေကို မဖြေရှင်းပဲ ဒီလိုလုပ်သွားမယ်ဆိုရင် နိုင်ငံအများကြီး နစ်နာသွားမှာပါ။ မထင်ထားတာတွေလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ကိုလုပ်တာကို တာဝန်ယူကြရမှာဖြစ်တဲ့အတွက် ပြသနာအားလုံးသည် NLD အုပ်စုရဲ့ တာဝန်တွေသာ ဖြစ်လာမဲ့အခြေအနေပါ။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ မဲခိုးတိုင်ကြားထားတဲ့အမှု ၁၀၂၃ မှုရှိပါတယ်။ NLD နဲ့ UEC ရဲ့ အခြေအနေနဲ့ နိုင်ငံ့ရဲ့ဂုဏ်သိက္ခာ အလဲအထပ်လုပ်ကြမယ်ဆိုရင် တပ်မတော်ကလည်း ဒီတိုင်းပဲသွားမလား? သုံးသပ်ရင်း သုံးသပ်ရင်း  တိုင်းပြည်အတွက် ရင်လေးပါတယ်ဗျာ။"

အထက်ပါအတိုင်း ရေးသားဖော်ပြထားတာပါ။

နိုဝင်ဘာ ၁၈ ရက်ကတင်ခဲ့တဲ့ ဒီပို့စ်ကို ပြန်လည်ဖြန့်ဝေသူပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီး React ပြုလုပ်သူ ၄၉၀၀ ကျော်ရှိနေပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တယ်လို့ ကောက်ချက်ချနိုင်တဲ့ အနေအထားပဲဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

- USDP က မဲလိမ်မှုအတွက် UEC ကိုတိုင်ကြားတဲ့စာတွေ ဖျောက်ဖျက်ခံရဆိုတယ်လို့ ဆိုထားပေမယ့် UEC ဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တိုင်ကြားစာ တစ်ခုမှမရောက်ရှိသေးဘူးလို့ မြန်မာ့အသံသတင်းဌာနရဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

- တိုင်ကြားမှုတွေကို UEC က ဖြေရှင်းမပေးဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ အချက်အလက်ကလည်း ဘယ်လိုမှ အတည်ပြုထားခြင်းမရှိပါဘူး။

- တပ်မတော်ကဝင်မပါလို့ မဖြေရှင်းဘဲလုပ်မယ်ဆိုတာမှာလည်း UEC အနေနဲ့ တရားဝင်တိုင်ကြားမှုတွေကို စစ်ဆေးဖြေရှင်းမှုတွေ ပြုလုပ်နေပါတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပါတယ်။

- မဲခိုးတိုင်ကြားထားတဲ့အမှု ၁၀၂၃ မှုရှိတယ်လို့ သူ့ပို့စ်မှာ ရေးသားထားပေမယ့် ရဲစခန်းကိုတိုင်ကြားတာလား၊ UEC ကိုတိုင်ကြားတာလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ 

ဒါကတော့ နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်တဲ့ UEC ရဲ့ သတင်းစာရှင်းလင်းပွဲပါ။ 

( https://cutt.ly/ahrU2Kl )

ဒါကတော့ မြန်မာ့အသံနဲ့ UEC ဥက္ကဋ္ဌတို့ အင်တာဗျူးပါ။

( https://cutt.ly/ShrU8hg )

သုံးသပ်ချက်

အချက်အလက်အမှားတွေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ သတင်းတွေဖတ်ရတယ်လို့ဆိုထားပေမယ့် အဲဒီသတင်းတွေကို တရားဝင်မီဒီယာတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။

ပို့စ်ကိုတင်တဲ့ Kyaw Swar ဆိုတဲ့အကောင့်ဟာ FB သူငယ်ချင်း ဘယ်လောက်ရှိတယ်ဆိုတာအပါအဝင် သူ့ရဲ့အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ပို့စ်တိုင်းမှာ React ပေးသူ၊ ပြန်လည်ဖြန့်ဝေသူတွေနဲ့ မှတ်ချက်ပြုသူတွေ အများအပြားတွေ့ရပါတယ်။ မှတ်ချက်ပြုကြသူအများစုက သူ့ရဲ့ဖော်ပြချက်တွေကို ထောက်ခံကြပါတယ်။ 

ယခု သတင်းအချက်အလက်အမှားတွေနဲ့ သုံးသပ်ချက်ကိုဖြန့်ဝေသူ ၁၂၀၀ ကျော်ရှိခဲ့တာကြောင့် လူမှုကွန်ရက်အသုံးပြုသူတွေ အများကြီးဆီကို ပြန့်နှံ့သွားနိုင်ပါတယ်။

ဒါကြောင့် အချက်အလက်အမှားတွေကို ခိုင်မာသယောင် ပြုလုပ်ထားတဲ့သတင်းဖြစ်တယ်ဆိုတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်...

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...