နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပယ်မဲနှင့် ပျောက်မဲအရေအတွက် လေးသောင်းနှစ်ထောင်ကျော်ရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
အဆိုပါ ရွေးကောက်ပွဲတွင် ရခိုင်၌ ပယ်မဲ ၄၁၁၉၁ မဲနှင့် ပျောက်မဲ ၁၅၆၉ မဲ စုစုပေါင်း ၄၂၇၆၀ ဖြစ်ပြီး ၎င်းတို့ထဲတွင် ပြည်သူ့လွှတ်တော်၌ ပယ်မဲ ၁၅၆၂၅ မဲနှင့် ပျောက်မဲ ၅၈၀ မဲ၊ အမျိုးသား လွှတ်တော်တွင် ပယ်မဲ ၁၃၂၂၇ မဲနှင့် ပျောက်မဲ ၇၂၁ မဲရှိခဲ့ကာ ပြည်နယ် လွှတ်တော်တွင်လည်း ပယ်မဲ အရေအတွက် ၁၂၃၃၉ မဲနှင့် ပျောက်မဲ ၂၆၈ မဲရှိခဲ့ခြင်းဖြစ်သည်။
“ပယ်မဲဖြစ်ရတာ သတ်မှတ်တဲ့ပုံစံအတိုင်းမပေးပဲ ဘယ်သူ့ကို မဲပေးခဲ့မှန်းမသိဘူး။ဟိုလူ့ကို ပေးသလို၊ဒီလူ့ကို ပေးသလိုဖြစ်တဲ့ဟာတွေရှိတယ်။ပြီးရင် နှစ်ခါမဲပေးလိုက်တာတွေရှိတယ်။ အဲတာတွေက ပယ်မဲဖြစ်သွားတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
၎င်းက ဆက်လက်၍ “မဲတွေ ပျောက်တယ်ဆိုတာကလည်း ဥပမာ- မဲဆန္ဒရှင်တစ်ရာလာပေးတယ်ဆိုပါတော့။ မဲရေတွက်လိုက်တဲ့အချိန်မှာ ၉၃ မဲတွေ့တယ်ဆိုရင်သုံးမဲပျောက်သွားတာမျိုးပေါ့။ အဓိကတော့ မဲပေးတဲ့သူတွေ က မဲကိုလက်မှတ်တွေထိုးထုတ်တယ်။ပြီးရင် မဲပုံးထဲကိုမထည့်ဘဲ ကိုယ့်အိတ်ထဲထည့်သွားတဲ့ သူတွေရှိတယ်ပေါ့။ အဲတာတွေကြောင့် ပျောက်တာပါ” ဟု ပြောသည်။
ယင်းအပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် မဲဆန္ဒရှင်များအား မဲပေးရမည့် အသိပညာပေးမှုအားနည်းခဲ့၍ ထိုသို့ ပယ်မဲ၊ပျောက်မဲများသွားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုမြင့်မားလာသည့်အခြေအနေများကြောင့် ၂၀၂၀ ခုနှစ်၊အထွေထွေရွေး ကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ရက်အတိုင်းသာ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် မဲပေးသည့်ရာခိုင်နှုန်း ၇၀ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ လေးသိန်းလေးသောင်းကျော်ရှိပြီး မဲပေးသူဦးရေ ၆၈.၈၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။