ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျောက်မဲခရိုင် အမှတ် ၁ ၌ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း NLD က ထုတ်ပြန်ကြေညာခဲ့ကြသည်။
နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကျောက်မဲမြို့နယ် ပင်တိန်ရွာရှိ ဦးထိုက်ဇော်၏နေအိမ်သို့ ဆိုင်ကယ်နှင့် လူနှစ်ယောက်လာရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် ယာဘက်ရင်အုံသို့ထိမှန်ခဲ့ကာ ကျောက်မဲ ခရိုင်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ လက်နက်အားကိုးဖြင့် အကြမ်းဖက်လုပ်ရပ်ကို ပြင်ထန်စွာရှုတ်ချကြောင်း အခင်းဖြစ်ပွားသည့်ညတွင်ပင် NLD က အထူးကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထူးကြေညာချက်တွင် ကွယ်လွန်သူ၏ မိသားစုနှင့်အတူ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်တစ်ရပ်လုံးက အထူးကြေကွဲဝမ်းနည်းရကြောင်းနှင့် လုပ်ကြံသတ်ဖြတ်သူကို အရေးယူအပြစ်ပေးနိုင်ရေး တာဝန်ရှိသူများက အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
ထို့ပြင် ဦးထိုက်ဇော်၏ဖြစ်စဉ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်၌ NLD က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားများနှင့် လက်တွဲတည်ဆောက်နေချိန်ဖြစ်၍ ယုံကြည်မှုမပျက်ယွင်းစေရန် အဖြစ်မှန် တရားဝင်မဖော်နိုင်မီ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် ဝေဖန်ထင်ကြေးပေးမှုများမပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များနှင့် လူမှုကွန်ယက်အသုံးသူများက ဝေဖန်ရှုတ်ချမှုနှင့်အတူ လုပ်ကြံမှုနှင့်ပတ်သက်၍ အမျိုးမျိုး ထင်ကြေးပေးရေးသားလျက်ရှိသည်။
မကြာသေးမီကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု၍ ကျောက်မဲ ခရိုင်အမျိုးသားလွှတ်တော် မဲဆန္ဒနနယ်အမှတ် ၁ ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးထိုက်ဇော်သည် SNLD မှ ကိုယ်စားလှယ်အား မဲပေါင်း ၅၀ ကျော်အသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းခရိုင်အတွင်းရှိ ကျန်လွှတ်တော်နှစ်ရပ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နေရာအများဆုံး အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။