အစိုးရကတာဝန်ပေးလျှင် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန်အသင့်ရှိဟု ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ပြော

အစိုးရကတာဝန်ပေးလျှင် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန်အသင့်ရှိဟု ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ပြော

“ကျွန်တော်တို့ကိုယ်တိုင်လည်း ပစ်ခတ်တာကိုခံရတဲ့ထိ ဖြစ်ဖူးပါတယ်.. တာဝန်ပေးမယ်ဆိုရင် မလုပ်နိုင်စရာမရှိပါဘူး”

 

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ပြည်သူလူထုနှင့်အစိုးရက တာဝန်ပေးအပ်လာပါက လုပ်ဆောင်ရန်အဆင်သင့်ရှိနေပြီး မည်သည့်ရာထူး၊နေရာတွင်မဆို တာဝန်ကျေရန် အသင့်ဖြစ်ကြောင်း လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

 

“ဝန်ကြီးချုပ်နေရာကို ပြည်သူလူထုကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ ပြည်တွင်း/ပြည်ပကပေးတဲ့ အတွေ့အကြုံတွေလည်းရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ လိုအပ်ချက်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ နောက်တခုက အမြင့်ဆုံးရာထူးပဲဖြစ်ဖြစ်၊ ခုလို အစိုးရအဖွဲ့ဝင် ဝန်ကြီးပဲဖြစ်ဖြစ်၊ ဘယ်နေရာဘဲဖြစ်ဖြစ် ကျနော့်အနေနဲ့ တာဝန်ကျေဖို့ အဆင်သင့်ပါ။ လက်ရှိလည်း ပြည်နယ်အတွင်းမှာ လုပ်ရမဲ့အရာတွေကို ခွဲခြားမှုမရှိဘူး၊ ဘယ်နေရာပဲဖြစ်ဖြစ် ရအောင်သွားပြီးမှ လက်ရှိဆောင်ရွက်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် ၃၆ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရခဲ့ပြီးနောက် လူမှုကွန်ယက်တွင် လက်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက်အား လာမည့် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူး အတွက် ထင်ကြေးပေးမှုများ မြင့်တက်လာခဲ့သည်။

 

“စစ်ရေးပဋ္ဋိပက္ခဖြစ်တဲ့ဟာဆိုရင်လည်း စစ်ရေးဖြစ်တဲ့အတွက် သာမန်အားဖြင့် ဘယ်သူမှ ဒီဒေသမျိုးကို သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကြားက ကိုယ့်ဒေသကိုသွားပြီး လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာ၊ နိုင်ငံတော်ကိုယ်စား၊ ပြည်နယ်အစိုးရကိုယ်စား၊ နယ်မြေအဖွဲ့အစည်းတွေမျိုး လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပစ်ခတ်တာကိုခံရတဲ့ထိ ဖြစ်ဖူးပါတယ်။ အဲလိုဒေသကိုလည်း ဖွံ့ဖြိုးအောင်၊ ငြိမ်းချမ်းအောင်လုပ်ဖို့ကလည်း အင်မတန်မှခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူပြီးမှ လုပ်ရမဲ့အနေအထား ပါပဲ။ အချိန်ယူလုပ်မယ်။ နောက်သဘောထားတွေပြောင်းအောင် ဆွေးနွေးမယ်။ နောက်လိုအပ်တဲ့ဖြည့်ဆည်းမှု တွေလုပ်ပြီးမှ ပြီးသွားမဲ့ဟာတွေဖြစ်ပါတယ်။ တာဝန်ပေးမယ်ဆိုရင် မလုပ်နိုင်စရာမရှိပါဘူး” ဟု စည်ပင်ဝန်ကြီးဦး စိုးထက်မှ ဖြည့်စွက်ပြောသည်။

 

ပလက်ဝမြို့နယ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စည်ပင်ဝန်ကြီးဦးစိုးထက်အနေဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တစ်ဦးတည်းပြိုင်ဖက်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးနန်းဆိုက်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ဖြစ်သူ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှာ ယခင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်၏နေရာတွင် ၂၀၁၈ ခုနှစ်အတွင်း ပြင်ပပညာရှင်အဖြစ် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဝင်ရောက်လာသူဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...