ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ၂၀ ရာခိုင်နှုန်းခန့်ကသာ မဲပေးနိုင်ခြင်းက နယ်မြေလုံခြုံရေးအရဟုဆိုသော်လည်း အစိုးရ၏ အားနည်းချက်တစ်ခုဖြစ်ပြီး ပြည်သူလူထုအခွင့်အရေးကို ပြည့်ပြည့်ဝ၀ မစွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director ကိုတေရကပြောသည်။
“အကြောင်းအရင်းကတော့ လုံခြုံရေးအရလည်းဖြစ်နိုင်တယ်။ လမ်းပန်းဆက်သွယ်ရေးအရလည်းဖြစ်နိုင်တယ်။ မဲပေးမယ့်ပြည်သူတွေက အများကြီးပဲ။ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းကပဲ မဲပေးရတော့ တကယ်ကို ဆိုးဆိုးရွားရွားကွာဟတာပေါ့။ မဲဆန္ဒရှင်တွေ အခွင့်အရေးဆုံးရှုံးတာပေါ့။ တကယ်ဆိုရင် ပလက်ဝပြည်သူတွေက သူတို့လိုချင်တဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ပိုင်ခွင့်ကို ဆုံးရှုံးတယ်ဆိုတော့ သူတို့ဆန္ဒ သူတို့ကိုယ်စား ဖော်ထုတ်ပေးမဲ့လူရွေးဖို့ ဆုံးရှုံးနစ်နာမှုရှိတာပေါ့။ လုံခြုံရေးအရ သူတို့ ဆန္ဒမပေးနိုင်တာက အစိုးရမှာ တာဝန်ရှိတယ်။ အဲဒါတော့ အစိုးရရဲ့ အားနည်းချက်လို့ပြောချင်တယ်။ ပြည်သူတွေရဲ့အခွင့်အရေးကို ပြည့်ပြည့်ဝ၀ မစွမ်းဆောင်နိုင်သေးဘူးလို့ပြောချင်တယ်။ အစိုးရမှာတာဝန်ရှိတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director ကိုတေရကပြောသည်။
ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ ကျင်းပရန်အခြေအနေမရှိခြင်းကြောင့် ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ခြောက်သောင်းကျော်ရှိသည့်အနက် တစ်သောင်းခန့်သာ မဲပေးနိုင်ခဲ့သဖြင့် မဲဆန္ဒရှင်လူဦးရေ သောင်းသောင်းခန့်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် ယခုနှစ် ရွေးကောက်ပွဲပြီးမြောက်အောင် ကျင်းပနိုင်ခြင်းအပေါ်ကြိုဆိုသော်လည်း လွတ်လပ် ပြီး တရားမျှတသည့်ရွေးကောက်ပွဲဟု ပြော၍မရကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းဝေကပြောသည်။
“ကျွန်မတို့ ယခင်အခြေအနေဆိုရင် စစ်ပွဲ/တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ ဒေသဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာတော့ မထင်ထားခဲ့ဘူးပေါ့နော်။ အဲဒါကျတော့ ၂၀၁၅ နဲ့ ပြန်ယှဉ်ထိုးရမယ်ဆိုရင် ၂၀၁၅ မှာ ပလက်ဝမှာ တိုက်ပွဲက လုံးဝမရှိဘူးလို့ ပြောရမယ်။ တိုက်ပွဲရှိလည်းပဲ အခုလောက်ထိ မပြင်းထန်ဘူး။ အဲလိုဆိုတော့ Free and Fair လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပေါ့ ၂၀၁၅ တုန်းကတော့ဖြစ်ခဲ့တယ်။ ၂၀၂၀ မှာကျတော့ တိုက်ပွဲပြင်းထန်တာကြောင့်၂၀၁၅ လိုမျိုး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့တော့ ပြောလို့မရဘူး။ သို့သော်လည်း အဆိုးထဲကအကောင်းပေါ့။ လုံးဝ ရွေးကောက်ပွဲမကျင်းပနိုင်တာထက်စာရင် ရာခိုင်နှုန်းနည်းသော်လည်း ရွေးကောက်ပွဲကျင်းပခွင့်ရတာကိုက ကျွန်မတိုမြို့နယ်က အနည်းဆုံးတော့ နိုင်ငံရေးစ ကားဝိုင်းမှာပါလာမယ် ဒီအနေအထားအရ ကြိုဆိုတာပါ” ဟု KACC ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းဝေကပြောသည်။
ရွေးကောက်ပွဲကို ပလက်ဝမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် လေးခု၊ ဆမီးမြို့ပေါ် ရပ်ကွက် သုံးခုနှင့် ရှင်းလက်ဝကျေးရွာတို့တွင်သာ ကျင်းပနိုင်ခဲ့ပြီး မဲရုံ ၁၉ရုံဖွင့်လှစ်ခဲ့ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ သောင်းဝန်းကျင် မဲပေးခဲ့ကြ ကြောင်းသိရသည်။
Published
Thursday, November 19, 2020
ပလက်ဝမြို့နယ်တွင် လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်သာမဲပေးနိုင်ခြင်းက အစိုးရ၏ အားနည်းချက်ဖြစ်