တိုက်ပွဲဖြစ်ပွားနေတဲ့ကြားက ပေါ်ထွက်လာတဲ့ သျှမ်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်

တိုက်ပွဲဖြစ်ပွားနေတဲ့ကြားက ပေါ်ထွက်လာတဲ့ သျှမ်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်

နန်းဆိုင်ဖူး — ခေတ်အဆက်ဆက် လွှတ်တော် သက်တမ်းကို ကြည့်မယ်ဆိုရင် သျှမ်းအမျိုးသမီးလွှတ်တော်အမတ်ဟာ အလွန်ပင်နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အညိုရောင်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ် ထဲကနေ ပထမဦးဆုံး သျှမ်းအမျိုးသမီး လွှတ်တော်အမတ် တဦးပေါ်ထွက်လာခဲ့ပါပြီ။

သူမကတော့ လူငယ်တဦးလည်းဖြစ်သလို ရွေးကောက်ပွဲ ပိတ်ခံရတဲ့ထဲက သူမ ရဲ့ မဲဆန္ဒနယ် ကျေးရွာအုပ်စု (၂)စုပါခဲ့ပေမယ့် အနိုင်ရအောင်ကြိုးစားခဲ့တဲ့ သျှမ်းအမျိုးသမီး လွှတ်တော် အမတ် နန်းလောဝ်လောဝ်(ခ) နန်းအိမွန်အောင်ပဲဖြစ်ပါတယ်။

နန်းအိမွန်အောင် ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြုပြီး ကျောက်မဲမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။

ပထမဆုံးအကြိမ် သျှမ်းပြည် လွှတ်တော်ထိုင်ခုံ ကို ထိုင်ရမယ့်သူဖြစ်တဲ့အလျောက် စိတ်လှုပ်ရှားမှုတွေရှိပြီး၊ နယ်မြေ ဒေသရဲ့ ပညာရေး၊ကျန်းမာရေး ၊ အမျိုးသမီးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ပိုပြီး ဆောင်ရွက်သွားမယ့်သူလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲကာလ၊ လွှတ်တော်ပထမဆုံးဝင်ရောက်မယ့် နန်းအိမွန်အောင်ကို သျှမ်းသံတော်ဆင့် နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီဆိုတော့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ရှေ့လျှောက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တော့ အများကြီးတော့လုပ်ရမှာပေါ့။

ဒါပေမယ့် အကောင်းဆုံး အတတ်နိုင်ဆုံးတော့ မိဘပြည်သူတွေအတွက် လိုအပ်ချက်တွေ သူတို့ရဲ့ ဒေသဖွံ့ဖြိုးမယ့်အပိုင်းတွေ ပြီးရင် သူတို့အတွက် ပညာရေး ကျန်းမာရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်။ တချို့ရွာတွေဆိုရင် ပညာရေး ကျောင်းတွေမရှိဘူး။ အဲ့လိုမျိုးနေရာတွေမှာဆိုရင် ပိုပြီး ဖိအားပေးပြီးတော့ ပညာရေးတွေကို ဦးဆောင်ပေးပြီးတော့ လုပ်မယ်။ နောက် ကျန်းမာရေး ဆေးပေးခန်းတွေ လုပ်ပေးဖို့အတွက် အစီစဉ်တွေရှိတယ်။ ပြီးရင် အမျိုးသမီး နဲ့ လူငယ်အခွင့်အရေးတွေ များများရအောင် အဲ့ဒါတွေလည်း ဆောင်ရွက်ပေးဖို့ရှိပါတယ်။

မေး။ ။ နန်းအိမွန်အောင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် နယ်မြေမှာ တချို့ ကျေးရွာတွေ ရွေးကောက်ပွဲ ပိတ်ခံထားတဲ့ကြားက နန်းအိမွန်အောင် အနေနဲ့ အနိုင်ရရှိခဲ့ပေမယ့် အခက်အခဲတော့ရှိမယ်ထင်ပါတယ်။ ဘယ်လိုအခက်ခဲတွေ ရှိပါသလဲရှင့်။

ဖြေ။ ။ ကျောက်မဲမြို့က မဲဆန္ဒနယ် ကျေးရွာ အုပ်စုပေါင်း (၁၂) အုပ်စု ပိတ်လိုက်တယ်။ ပြည်နယ် (၁) နဲ့ (၂) ပေါ့နော်။ ပြည်နယ် (၁) မှာဆိုရင် (၄) အုပ်စု ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့ချိန်မှာ ရွေးကောက်ပွဲ ရလဒ်အတွက်တော့ စိတ်ပူမိတယ်။ ဘာလို့လဲဆိုတော့ (၄) နေရာကျတော့ SNLD ရဲ့ အမာခံတွေပေ့ါနော်။ ပြီးရင် သျှမ်းလူမျိုးတွေ အများဆုံး နေရာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ရလဒ်တွက်တော့ စိတ်ပူတယ်။

ပြီးရင် စည်းရုံးရေးဆင်းတဲ့ချိန်မှာဆိုရင်လည်း အခက်ခဲတွေ ရှိတယ်။ မြို့ပေါ်က လူဦးရေ နဲ့ ရွာက လူဦးရေ နဲ့ ကွာဟမှုရှိတယ်။ မြိုပေါ်မှာဆိုရင် လူဦးရေ (၃၇၀၀၀) ကျော် ရှိတယ်။ မြို့ပေါ် (၉) ရပ်ကွက်၊ ရွာက (၂၀) ကျော်ဆိုရင် သူက လူဦးရေ (၃၅၀၀၀) ခွဲလောက်ပဲရှိတယ်။ အဲ့ထဲမှာ (၄) အုပ်စုကို ပိတ်ပြီး (၆၀၀၀) ကျော်လောက် နုတ်လိုက်တဲ့ချိန်မှာ ကိုယ့်သျှမ်းလူဦးရေ မဲပေးမယ့် လူဦးရေက နည်းသွားတယ်။ စည်းရုံးရေး တော်တော်လေးကို လုပ်ဆောင်ရတယ်။

မေး။ ။ အဲ့ကြားထဲကနေ ဘယ်လို အနိုင်ရရှိသွားအောင်ကြိုးစားခဲ့ပါသလဲ။

ဖြေ။ ။ ဘယ်လိုအနိုင်ရရှိသွားလဲဆိုတော့ အဓိက စည်းရုံးရေးကို တအိမ်တက် တအိမ်ဆင်း လုပ်တယ်။ မဲ တံဆိပ်တုံးထုတာတွေကို သင်ပေးတယ်။ အဲ့ဒါက ကိုယ့်အတွက် ပိုပြီး အဓိက ကျတာပေါ့။ ကိုယ်က စည်းရုံးရေးတာဆင်းတယ်။ လာထည့်တဲ့ မိဘပြည်သူတွေက မဲထည့်နည်းကို မသိရင် ဒါက ကိုယ့်အတွက်လည်း နစ်နာမှုရှိတယ်လေ။ ဘာလို့လဲဆိုတော့ ကိုယ့်က ပယ်မဲတွေ နည်းအောင် စည်းရုံးရေး လုပ်တယ်။ တအိမ်တက် တအိမ်ဆင်း လူငယ်တွေနဲ့ မဲထည့်ပုံ ထည့်နည်း လိုက်ပြီးတော့ သင်ပေးတယ်။ အဲ့ဒါတွေ လုပ်ခဲ့ရတယ်။

မေး။ ။ လွှတ်တော်ထဲ ပထမဆုံး ဝင်ရတော့မယ်ဆိုတော့ ဘယ်လို စိတ်ခံစားမှုတွေ ရှိပါသလဲရှင့်။

ဖြေ။ ။ လွှတ်တော်ထဲကို ပထမဦးဆုံး ဝင်ရမယ်ဆိုတော့ စိတ်ခံစားချက်က နည်းနည်းတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်က ဥပဒေပိုင်းတွေကို အရမ်းကြိုးစားပြီး လေ့ာလာရမယ်။ လွှတ်တော်ထဲမှာကိုယ်က စကားပြောတဲ့နေရာမှာ အရေးကြီးတယ်။ ခါတိုင်း လေ့လာတဲ့အနေနဲ့တော့ လွှတ်တော်ထဲမှာ သွားရောက်ပြီးလေ့လာခဲ့ဖူးတယ်။ ဒါမယ့် ကိုယ့်တကယ်ပဲ လွှတ်တော်ထဲ ထိုင်ရတော့မယ့်အချိန်ဆိုတော့ စိတ်လှုပ်ရှားမှုတွေတော့ ရှိတယ်။

မေး။ ။ လွှတ်တော်ထဲ သွားရင် ကျောက်မဲမြို့နယ်အတွက် ဘာတွေကို ပြင်ချင်ပါသလဲရှင့်။

ဖြေ။ ။ အရင်ဦးဆုံးတော့ လွှတ်တော်အသစ်တက်ရမယ့်အချိန်တော့ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းက ၂၀၂၀-၂၀၂၁ အစီစဉ်တွေ ချထားပြီးသားလို့တော့ ကြားရတယ်။ ဒါပေမယ့် သူတို့ ချထားတဲ့အစီစဉ်တွေကို လိုက်ပြီး ကြည့်ရှုတာတွေတော့ လုပ်ရမယ်။

ပြီးရင် ကျနော်တို့ သက်တမ်းကျတော့ ၂၀၂၁-၂၀၂၀ မှာမှ လုပ်ဆောင်ချက်တွေ ပြန်ပြီးတော့ ရေးဆွဲရမယ်လို့ သိရတယ်။ အခုလက်ရှိမှာ ၂၀၁၅ ကနေ ၂၀၂၀ သက်တမ်းက လုပ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့ ၂၀၂၁ ခုနှစ်ထိတော့ အကုန်လုံး လုပ်ဆောင်ချက်တွေ ရေးဆွဲထားတယ်လို့ ကြားသိရတယ်။ ဆိုတော့ သူတို့ ရေးဆွဲထားတဲ့ဟာကို ပြန်လည်စိစစ်ပြီးတော့ လုပ်ငန်းလုပ်ဆောင် ရမယ့်ဟာတွေ ရှိတယ်။

မေး။ ။ ကျောက်မဲဘက်က လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး မကြာခဏတိုက်ပွဲ ထိတွေ့မှုတွေရှိ တဲ့အတွက် နန်းအိမွန်အောင် ရဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းမှာ တိုက်ပွဲလျော့ချသွားအောင် ဘယ်လိုတွေ ညှိနှိုင်း ဆောင်ရွက်သွားချင်ပါသလဲရှင့်။

ဖြေ။ ။ တိုက်ပွဲကိစ္စကတော့ အဓိက အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးမှာဆိုရင် သူတို့ NCA လက်မှတ်ထိုးထားတာတွေရှိတယ်။ အဲ့အချက်တွေနဲ့ သူတို့လုပ်ဆောင်ရမှာပေါ့နော်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကတော့ မိဘပြည်သူတွေကို တိုက်ပွဲမဖြစ်အောင်တော့ အတတ်နိုင်ဆုံးတော့ ကာကွယ်ပေးရမှာပေါ့။ ဒါပေမယ့် သူတို့လျော့ချသွားအောင်တော့ အထက်က NCA နဲ့ သက်ဆိုင်တယ်လို့တော့ မြင်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ အမျိုးသမီး လွှတ်တော်အမတ်အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်လာအောင် မဲပေးတဲ့ မိဘပြည်သူတွေ အားလုံး မဲမထည့်ရတဲ့ မိဘပြည်သူတွေရော ကျနော်တို့ကို မဲထည့်ပေးတဲ့ မိဘပြည်သူတွေရော အကုန်လုံးကို အမျိုးသမီးလွှတ်တော်အမတ်အနေနဲ့ ကျောက်မဲမြို့ သျှမ်းပြည်မှာ နေထိုင်တဲ့ မိဘပြည်သူတွေ အားလုံးအတွက် ဆက်လက်ပြီးတော့ အလုပ်လုပ်သွားမှာပါ။ အားလုံးကိုလည်း အနိုင်ရအောင် မဲထည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Most read this week

July 3, 2024
သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က...
July 2, 2024
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက်...
July 2, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ...
July 1, 2024
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို...