မောင်တောနယ််စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSA က ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်

မောင်တောနယ််စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSA က ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်

ဆောင်းဇာခြည် — မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် အပြင် နောက်ထပ် ၆ ဦးဒဏ်ရာရရှိခဲ့သည့်အထိ ပေါက်ကွဲမှုပြင်းထန်သည့် မိုင်းကို ထောင်ထားသောအဖွဲ့အစည်းမှာ အာဆာရ် (ARSA) အဖွဲ့ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ထုတ်ပြန်ချက်အထဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည် ယနေ့ နေ့လယ် ၁ နာရီ ကျော်ခန့်တွင် လိပ်ရလမ်းဆုံ အနီးအရောက်၌ ARSA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ထောင်ထားသော ကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

၎င်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ခရေမြိုင် ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ မအေးဆန်းနု ၂၀ နှစ်နှင့် မောင်ကျော်ဆန်းဦး ၃ နှစ်တို့ ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “မိုင်းပေါက်ကွဲတဲ့ ဖြစ်စဉ်က အဲဒီအနီးမှာ အမြဲတမ်းနီးပါး ပေါက်တယ်။ အဲဒီနားက ရဲကင်းတွေနဲ့လည်း ဝေးတယ်။ ARSA ထောင်တာပဲဖြစ်မှာပေါ့။ အခုဟာကလည်း တိုင်းရင်းသားတွေ သွားတဲ့ဟာကို ခွဲပစ်လိုက်တာဆိုတော့။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ARSA က အမြဲတမ်းချောင်းမြောင်းပစ်တယ်။ အဲလို ခဏခဏဖြစ်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းကားသည် မောင်တောမြို့နယ် မြောက်ပိုင်း သာယာကုန်း ကျေးရွာ ကထိန်ပွဲမှ မြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာသို့ အပြန်တွင် ကျွန်းပေါက်အုပ်စုနှင့် လိပ်ရအုပ်စုအကြား သဲချောင်း ကျေးရွာအနီး ကားလမ်း၌ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ အခင််းဖြစ်ပွားရာသော ရောက်ရှိနေသည့်် နံ့သာတောင်ဆရာတော် ဦးစရဏက “သေသွားတာက မိသားစု ၃ ယောက်ပေါ့။ ကျော်ရဲအောင်က ကားမောင်းတာ။ သူတို့ကိုယ်ပိုင်ကားပေါ့နော်။ အဲဒီမှာ ကထိန်ပွဲက အပြန် ကားလမ်းမှာ မိုင်းပေါက်သွားတာ။ ကားတစ်စီးလုံးက ရစရာမရှိလိုက်ဘူး။ ဒဏ်ရာရသွားသူတွေကလည်း ဒဏ်ရာပြင်းကြတယ်”ဟု နိရဥ္စရာသို့ မိန့်ကြားခဲ့သည်။

ဒဏ်ရာရရှိသွားသူ ၆ ဦးမှာလည်း ခရေမြိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ၄င်းတို့စီးလာသည့် ကားမှာ ပြန်သုံးမရအောင် ပျက်စီးသွားကြောင်း ဆရာတော်က မိန့်သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၆ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယနေ့ နံနက်တွင် ယင်းအထဲမှ ၄ ဦးကို ဒဏ်ရာပြင်းထန်သဖြင့် မောင်တောမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

Most read this week

January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...
December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...