တိုင်းရင်းသားပါတီများအား ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ကတိကဝတ်များ တိကျခိုင်မာမှုရှိမှသာ ပူးပေါင်းဆောင်ရွက်မည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) အတွင်းရေးမှူး ဦးသဲရယ်ကပြောသည်။
"သူတို့က ဒီထုတ်ပြန်ကြေညာချက်တစ်စောင်ထဲနဲ့ မပြီးဘူးပေါ့။ တကယ်လုပ်ချင်တယ်။ တိုင်းရင်းသားတွေနဲ့ တကယ်လက်တွဲချင်တယ်ဆိုလို့ရှိရင်တော့ ထုတ်ပြန်ကြေညာချက်နောက်ဆက်တွဲ တိုင်းရင်းသားပါတီ အနိုင်ရရှိတာပဲဖြစ်ဖြစ်၊ အနိုင်မရတာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ပါတီမဟုတ်လည်း ပါတီ အစုအဖွဲ့ တွေနဲ့ တွေ့ပြီးတော့မှ ဒီထုတ်ပြန်ကြေညာချက် ရဲ့ နောက်ဆက်တွဲပေါ့။ နောက်ထပ်ကတိကဝတ်တစ်ခု လုပ်ကြမလားဆိုတဲ့ဟာမျိုးတွေလည်း လုပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒီထုတ်ပြန်ကြေညာချက် ဆိုတဲ့နေရာ မှာလည်း ကျနော်တို့က နည်းနည်းလေး အပေါ်ယံသဘောလိုမျိုးဖြစ်နေတာပေါ့။ နည်းနည်းရှင်းရှင်း ပြောရရင် အရသာပေါ့တယ်ပေါ့။ ဆိုတော့ ဒီနောက်ဆက်တွဲ တကယ်လုပ်ချင်တယ် ဆိုလို့ရှိရင်တော့ သေချာညှိ နှိုင်းပြီးတော့ ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးတွေ သေသေချာချာနောက်တစ်ဆင့် သွားဖို့လိုမယ် လို့မြင်တယ်” ဟု ဦးသဲရယ်က ပြောသည်။
ယင်းသို့ NLD ၏ ပူးပေါင်းဆောင်ရွက်ရေးအပေါ် လက်မခံနိုင်ရသည့် အကြောင်းရင်းမှာ တိုင်းရင်းသားများအလေး ပေး တောင်းဆိုခဲ့ကြသည့် ဖက်ဒရယ်ကိုပင် အကောင်အထည်မဖော်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲအများဆုံးရရှိကာ အစိုးရဖွဲ့ခွင့်ထပ် မံရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်အစိုးရသက်တမ်းအတွင်း တိုင်းရင်းသားပါတီ များနှင့်ရည်မှန်းချက်တူသည့်အတွက် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၂ ရက်ကထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင်နောင်အနာဂတ် တိုင်းရင်းသာလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင် ရွက်သွားမည်ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲရလဒ်တွေအရ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အနေအထားဖြစ်သည့်အတွက် တိုင်းရင်းသားများနှင့် လက်တွေ့ကျကျပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
“ပါးစပ်ကနေ ပူးပေါင်းလို့တော့မရဘူး။ လက်တွေ့ကျကျ အစီစဉ်တွေအများကြီး ကျနော်တို့ဆွဲရမယ်။ အဲ့ဒီအစီအစဉ်တွေ ဆွဲပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ လုပ်မှာပါ။ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ကျွန်တော်တို့လုပ်မှာပါ။ စာရွက်ပေါ်မှာပဲ ပူးပေါင်းဆောင်ရွက်မှုမဟုတ်တော့ပါဘူး” ဟု မုံရွာဦးအောင်ရှင်က ပြောပါသည်။
NLD အနေဖြင့် တိုင်းရင်းသားအရေးဖော်ဆောင်ပေးရန်အတွက် အာမခံချက်ပေးရန်လိုအပ်ကြောင်း ကယန်းအမျိုး သားပါတီ (KNP) ဥက္ကဌ ခွန်းဘီထူးက ပြောသည်။
“ကျနော်တို့ ဘက်ကတော့၊ ကယန်းအမျိုးသားပါတီအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ဆက်သွားဖို့ပဲရှိမယ်။ ကျွန်တော်တို့က အစကတည်းက ဒီမိုကရေစီဖြစ်စဉ်ကို လက်ခံပြီးသား ဖြစ်သလို၊ တိုင်းရင်းသားအခွင့်အရေးလည်းရဖို့လိုတယ်။ ဆိုတော့ ကျွန်တော်တို့သာ NLD နဲ့ ဖြစ်ဖြစ်ကျန်တဲ့အင်အားစုအကြီးကြီးတွေနဲ့ ဖြစ်ဖြစ် ပြန်တွဲမယ်ဆိုရင်လည်း ကျနော်တို့တိုင်းရင်းသား အခွင့်အရေးက ရရမယ်ဆိုတဲ့ရှုထောင့်ကနေပြီးတော့ ကျွန်တော်တို့သွားတွဲကြမှာပဲပေါ့။ ဒီအခြေအနေအောက်မှာ လက်တွဲသွားဖို့ အဆင်သင့်ရှိသလို တစ်ဖက်မှာက တော့ လက်တွဲမယ်ဆိုရင်လည်း မတူညီတဲ့ဟာတွေက NLDဘက်မှာ အဖြေရှိဖို့လိုတယ်။ အင်အားကြီးတဲ့လူတွေ ဘက်က အဖြေရှိဖို့လိုတယ်။ အထူးသဖြင့် ဖယ်ဒရယ်ကိုဘယ်လိုသွားကြမှာလဲ။ တိုင်းရင်းသားလူနည်းစု အခွင့်အ ရေးဘယ်လို အာမခံချက်ပေးကြမှာလဲ။ အဖြေကိုရှိဖို့လိုတယ်။ ဒါမှ လက်တွဲနိုင်ဖို့ကို ပြောဖို့လိုလိမ့်မယ်ပေါ့။ အဲ့ဒီလို ပြောတဲ့အပေါ်မှာ မူတည်ပြီးတော့၊ ချိတ်ဆက်ပြီးတော့မှ ဆုံးဖြတ်ကြရလိမ့်မယ်။ ကျွန်တော်တို့က လူနည်းစုတိုင်းရင်းသားဘက်က အောက်ကနေညှိနှိုင်းအနေအထားမျိုးဖြစ်တယ်လို့ မှတ်ချက်ပြုရမယ်ပေါ့” ဟု ခွန်းဘီထူးက ပြောသည်။
ကယားပြည်နယတွင် မဲဆန္ဒနယ် ၃၄နေရာရှိသည့်အနက် NLD နေရာ ၂၀ တွင် အနိုင်ရရှိခဲ့ပြီး၊ KySDP က ရှစ်နေရာ၊ USDP ခြောက်နေရာအနိုင်ရရှိထားသည်။