ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် ပုံစံ ၁၉ တွင် လက်မှတ်မထိုးသည့် မဲဆန္ဒနယ်သုံးခုရှိကြောင်း ၎င်းပါတီ၏ ပြန်ကြားရေး (လူငယ်တာဝန်ခံ) ဦးနော်ခုန့်ကပြောသည်။
“ပထမတစ်နေရာက ဆွမ်ပရာဘွမ်မြို့နယ်မှာက ပြည်သူတွေတစ်ဝက်လောက်က မဲပေးတယ်။ ဒါပေမယ့် တပ်မဲကြောင့်နိုင်သွားတယ်။အဲကြောင့်ဒါကိုတော့ မတရားဘူးလို့ခံစားရတဲ့တွက် မထိုးဘူး။ မချမ်းဘောမှာက ကျွန်တော်တို့ပါတီကို မတရားစွပ်စွဲပြောဆိုပြီး မဲဆွယ်ကြတယ်။အဲဒါကို မလုပ်ဖို့ဝန်ခံကတိထိုးပြီးပြီ။ဒါပေမယ့် ဆက်ပြီးတော့ မတရားတဲ့ပုံစံနဲ့မဲဝယ်ပြီးလုပ်တယ်။မဲရလဒ်ကိုကြည့်တော့လည်း မကွာဘူး။ ဒါကိုလည်း မတရား ဘူးလို့ ခံယူထားတဲ့တွက် လက်မှတ်မထိုးဘူး။နောက်တစ်ခုက ဦးနော်လီက အစိုးရရဲ့အာဏာနဲ့ မဲဆွယ်တယ်။ အစိုးရရဲ့ဘတ်ဂျတ်ငွေနဲ့လမ်းလုပ်ပေးတဲ့ဟာတွေကို အကြောင်းပြုပြီးမဲဆွယ်တယ်လို့ ခံစားရတဲ့အတွက် တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမဟုတ်ဘူးဆိုပြီး ခံယူတဲ့တွက် အဲမဲဆန္ဒနယ် သုံးနေရာမှာလက်မှတ်မထိုးဘူး” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ပုံစံ ၁၉ လက်မှတ်မထိုးသည့် ကိုယ်စားလှယ်များသည် ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ဦးကွမ်ကရော်အောင်ခမ်း၊မချမ်းဘောမြို့နယ် ပြည်နယ် ၂ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဖုန်ဆန်း၊ဝိုင်းမော်မြို့နယ် ပြည်နယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးလွမ်းဇောင်းတို့ဖြစ်ကြောင်း သိရသည်။
“ပုံစံ (၁၆) ဘဲဖြစ်ဖြစ် ပုံစံ ၁၉ ဖြစ်ဖြစ် ကျနော်ကတော့လက်မှတ်မထိုးနိုင်ဘူး။ သူတို့က တရားဝင်လုပ်တာတော့ဟုတ်တယ်။ ဒါပေမယ့် သဘောမတူတာ ကျွန်တော်တို့ဘယ်လိုလက်မှတ်ထိုးမှာလဲ။ ဒါက ဗိုလ်ကျတဲ့မဟာ ဗမာလူမျိုးကြီးဝါဒရဲ့ ဗိုလ်ကျတာကို လက်မခံနိုင်လို့မထိုးတာ။ ဒါပေမယ့် သူတို့ ပုံစံ ၁၉ မှာလက်မှတ်ထိုးထိုး/မထိုးထိုး အတည်ဖြစ်ပြီဆိုတာပြောပါတယ်။ ဖြစ်တာ/မဖြစ်တာကို ကျွန်တော်တို့ပြောနေတာမဟုတ်ဘူး။ အဓိကတော့ ကျွန်တော်တို့အနေနဲ့ တရားမျှတမူမရှိဘူးလို့ ခံယူထားတဲ့အတွက် မထိုးတာဖြစ်တယ်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအောင်ခမ်းကပြောသည်။
ရွေးကောက်ပွဲအနိုင်အရှုံးကြေညာခြင်းအပါအဝင် ပုံစံ ၁၉ နှင့်ပတ်သက်၍ ဆန္ဒမဲရေတွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် စာမျက်နှာ ၂၁ မှ ၂၃ တွင် ညွှန်ပြထားပြီးဖြစ်သည်။
အဆိုပါရွေးကောက်ပွဲလမ်းညွှန်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ အရ မဲဆန္ဒနယ်များမှ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးတွင် မဲရုံမှပေးပို့သည့် ဆန္ဒမဲစာရင်းအား ပုံစံ (၁၆-က) နှင့် မိမိရေတွက်ရရှိသည့် ကြိုတင်မဲလက်မှတ်များအရ ဆန္ဒမဲစာရင်း ပုံစံ (၁၈-က) နှင့်ပေါင်းပြီး ဆန္ဒမဲအရေတွက် ကြေညာထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အစီစဉ်အတိုင်း ပုံစံ (၁၉-က) တွင် ပြန်လည်ဖြည့်ရာတွင် မှန်ကန်ကြောင်း ကိုယ်စားလှယ်လောင်း (သို့မဟုတ်) မဲရုံကိုယ်စားလှယ်မှ လက်မှတ်ရေးထိုး ရမည်။ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခြင်းပျက်ကွက်ပါက ပျက်ကွက်သူ၏တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် မဲဆန္ဒနယ်သုံးခုတွင် ကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိခဲ့သည်။