“ကျွန်တော့်ကိုရွေးခဲ့တဲ့ပြည်သူတွေ မျက်နှာမပျက်စေရဘူး”

“ကျွန်တော့်ကိုရွေးခဲ့တဲ့ပြည်သူတွေ မျက်နှာမပျက်စေရဘူး”

မြန်မာပြည်တွင်အသက်အငယ်ဆုံး ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းနှင့်အင်တာဗျူး

ကိုအောင်ဟိန်းမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးတွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်စားများအနက် အသက်အငယ်ဆုံး ဖြစ်သည်။ သူသည် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။ ၎င်း၏ အသက်ယခုအခါ  ၂၅ နှစ်သာ ရှိသေးသည်။ထို့ကြောင့် လူငယ်ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် လွှတ်တော်ထဲတွင် မည်သို့ ဆောင်ရွက်သွားမည်၊လူငယ်အရေးနှင့် ပတ်သက်၍ မည်သို့လုပ်ဆောင်မည်၊ ရွေးကောက်ပွဲ ကတိအဖြစ် ဘာတွေ ပေးခဲ့ပြီး မည်သို့ အကောင်အထည်ဖော်မည်စသဖြင့် သိရှိစေရန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုအောင်ဟိန်းမင်းအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- အခုရွေးကောက်ပွဲမှာ နိုင်ခဲ့ပြီဆိုတော့  ပြည်သူလူထုအတွက် ပထမဦးဆုံး ဘာလုပ်ဆောင်ပေးမလဲ။

ဖြေ- ကျွန်တော်နေရာက လုပ်ပေးလို့ ရတဲ့လူ မဟုတ်ဘူး။ လုပ်ပေးအောင် ကြိုးစားပေးရမယ့်သူပါ။ ဖားကန့်ဒေသလို နေရာမျိုးက လိုအပ်ချက်တွေများတော့ လုပ်ရမှာတွေလည်း အများကြီးပါ။ ပထမဦးဆုံးအနေနဲ့ တော့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုးစားပါ့မယ်။

မေး- စည်းရုံးရေးကာလတစ်လျှောက်မှာ မဲဆွယ်ကတိပေးခဲ့တဲ့အတိုင်း ဘယ်လိုဆောင်ရွက်သွားမလဲ။

ဖြေ- ကျနော့်အနေနဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ ကတိတွေ မပေးခဲ့ပါဘူး။ ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပါတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ကတိတွေမပေးခဲ့ပေမယ့် လုပ်သွားမယ့်အရာတွေကိုတော့ စီစဉ်ထားပါတယ်။

မေး- လွှတ်တော်အတွင်းမှာ ဖားကန့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ်ဆောင်ရွက်သွားဖို့ ရှိလဲ။

ဖြေ- ကျောက်မျက်ဥပဒေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ ပါမယ်။ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အရေးနဲ့ မြေပြင်မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုတွေ စတဲ့အကြောင်းတွေကို မေးမြန်းသွားမှာပါ

မေး- ပထမဦးဆုံးဆုံး တင်သွင်းမေးမြန်းမယ့် အဆို(သို့) မေးခွန်းလေးရှိရင် သိပါရစေ။

ဖြေ- ပထမဆုံး မေးခွန်း အနေနဲ့တော့ အခြေခံကျတာနဲ့စဖို့ စီစဉ်ထားပါတယ်။ ဖားကန့် -မိုးကောင်း လမ်းခင်းဖို့နဲ့ ပတ်သက်ပြီး မေးသွားမှာပါ။ အခုတော့ အချက်အလက်တွေ စုနေပါတယ်။

မေး- ကိုယ်က လူငယ်ဖြစ်နေတော့ လူငယ်အရေးအတွက် ဘယ်လိုမူဝါဒတွ ပြင်ဆင်ထားလဲ။

ဖြေ- လူငယ်အရေးအတွက်ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံမှာ လူငယ်ရေးရာမူဝါဒရှိပြီးသားပါ။ အခုလို ရှိပြီးသား မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အားထုတ်သွားမှာပါ။

မေး- လူငယ်ကိုယ်စားလှယ်လောင်းအတွက် အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲ။

ဖြေ- ကျနော့်အတွက်တော့ လူငယ်တစ်ယောက်အတွက် စိန်ခေါ်မှုဟာ လူကြီးတစ်ယောက်နဲ့ တန်းတူပါပဲ။ နိုင်ငံရေးသမားတစ်ယောက်အတွက် ရှိတဲ့ စိန်ခေါ်မှုမျိုး ကျနော့်မှာလည်း ရှိပါတယ်။ လူငယ်လူသစ်တစ်ယောက် ဆိုတော့ အများရဲ့ ယုံကြည်ကိုးစားမှုပိုင်းမှာ သံသယရှိရင် ရှိမှာပေါ့လေ။ ဒါကလည်း အချိန်က သက်သေပြသွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိထားပါတယ်။

မေး- နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လိုကတိမျိုးပေးချင်လဲ။

ဖြေ- မဲဆန္ဒရှင်ပြည်သူတွေကို ပေးချင်တဲ့ကတိကတော့ ကျွန်တော်ကြောင့် ကျွန်တော့်ကိုရွေးခဲ့တဲ့ပြည်သူတွေ မျက်နှာမပျက်စေရဘူး။ ဒီလောက်ပဲပြောချင်သေးတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...