ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်နှင့်အင်တာဗျူး
ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကာလအတွင်း တွေ့ကြုံခဲ့ရသည်များ၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်/မဖြစ်၊ အမြင်သဘောထားများနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်အား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်လဲ။ သုံးသပ်ပေးပါဦး။
ဖြေ ။ ။ ကျွန်တော့်အနေနဲ့တော့ ပြည်သူလူက ဆန္ဒပြုလိုက်တဲ့ရွေးကောက်ပွဲလို့မြင်ပါတယ်။ မတရားဘူးလို့ မဆိုလိုပါဘူး။ နည်းနည်းလေးတော့ ပြောစရာရှိတယ်။ အာဏာရပါတီက အခွင့်အရေးပိုရသလိုပေါ့။ ဥပမာအားဖြင့် မဲဆွယ်စည်းရုန်းခြင်းကန့်သတ်တဲ့ စည်းကမ်းလေးတွေပေါ့။ ကျွန်တော်တို့ပါတီနဲ့ ကျန်တဲ့ပါတီငယ်လေးတွေ စည်းကမ်းလိုက်နာတဲ့နေရာမှာ အခွင့်အရေးခြင်း နည်းနည်းလေးမတူညီကြဘူးပေါ့။
မေး ။ ။ ကိုယ်တိုင်ကလဲ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့တယ်။ ပုံစံ (၁၉) မှာ လက်မှတ်မထိုးဖို့ တစ်ခြားမြို့နယ်တွေမှာ စာထုတ်ထားတာတွေရှိတဲ့အပေါ် ဒီဖက်မှာလဲ ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။
ဖြေ ။ ။ ကျွန်တော့ကိုထိုးဖို့ အကြောင်းမကြားလာသေးဘူး။ ထိုးဖို့လည်း မပြောသေးဘူး။ ကျွန်တော်ကိုယ်တိုင်လဲမဲစာရင်းရေတွက်တဲ့ စာရင်းကိုလိုချင ်သေးတယ်။ ကျွန်တော် တို့ပါတီ ကမဲရုံကိုယ်စားလှယ်တွေ ပြုစုထားတဲ့ မဲစာရင်းနဲ့ ဒီမြို့နယ်ကော် မရှင်အဖွဲ့ခွဲက ထုတ်ပြန်တဲ့ မဲစာရင်းဘယ်လောက် ကွာဟနေလဲ ဆိုတာကျွန်တော် တိုက်ဆိုင်စစ်ဆေးချင်ပါတယ် ။ မဲစာရင်းတွေ တိုက်ဆိုင်စစ်ဆေးပြီးမှ ဒါတွေမှန်ကန် တယ်ဆိုရင် လက်မှတ်ထိုးမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း သိပ်မပွင့်လင်းတာတွေ တွေ့ ရတယ်။ ကြိုတင်မဲပေးတဲ့ မဲဆန္ဒရှင်တွေ အားလုံး လက်သန်းမှင်မစွတ်ကြဘူး။ ဒီနှစ် မဲလာပေးတဲ့ လူတွေ ပိုများလာတယ်လို့ထင်ရတယ်။ မဲပေးဖို့ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်မှာ ဒီမှတ်ပုံတင်နဲ့ လာပေးတာမျိုးလို့ သိထားပေမဲ့ တကယ်တမ်းမဲ သွားပေးတဲ့ အခါမှာ မဲပေးခွင့်လက်မှတ်တွေ နဲ့မဲသွားပေးလို့ရနေတယ်။ အဲ့လို လက်မှတ် တွေကလိုသလောက်ထုတ်လို့ရနေတယ် ။ တစ်ချို့ကကိုယ်စားလဲပေးလို့ရနေတယ်။ အဲ့ဒါတွေကို မှန်မှန်ကန်ကန်လုပ်သွားရင်တော့ ပြောစရာမရှိပါဘူး။ အဲ့ ဒီကိစ္စတွေက မဲပေးပြီးမှသိတာ ။ အွန်လိုင်းပေါ်မှာတော့ မဲစာရင်းတွေ ပွာထနေပြီး တရားဝင်ကတော့ ကျွန်တော်မကြားသေးဘူး။ ၂၀၁၀ တုန်းကဆိုရင် ညသန်းခေါင် လက်မှတ်သွားထိုးရတယ်၊ ၂၀၁၅ မှာလဲ ရွေးကောက်ပွဲပြီးနောက်တစ်နေ့မှာ လက်မှတ်ထိုးရတယ် ဒီ ၂၀၂၀ မှာတော့ အကြောင်းကြားလာတာမရှိသေးဘူး။
မေး ။ ။ လက်ရှိ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ အပေါ်ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ ပြည်သူတွေက ရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ် က ကိုယ့်ပါတီက မဟုတ်လဲ ကိုယ့်မြို့နယ်ရဲ့ ကိုယ်စားလှယ်ပဲလေ သူနိုင်သွားရင် သူ့ကိုဂုဏ်ယူရမယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ သူမသိသေးတဲ့ အချက်အလက်တွေ လိုအပ်ချက်တွေ ဝိုင်းပြီးတော့ ပံ့ပိုးရမှာပေါ့။ ပြိုင်ဆိုင်ခြင်းဆိုတာကတော့ အနိုင်နဲ့အရှုံးပဲ ရှိတာပါ။ ကျွန်တော်တို့ကတော့ အသန့်ရှင်းဆုံးပြိုင်ခဲ့တယ်။ ၂၀၁၅ မှာ ကတည်းကပေါ့။
မေး ။ ။ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ တောင်ကြီးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီအ နေနဲ့ ဘာကြောင့် အနိုင်မရခဲ့တာလဲ။ ဘယ်လိုအားနည်းချက် တွေကြောင့်လဲ။
ဖြေ ။ ။ ကျွန်တော့ အနေနဲ့ သုံးသပ်ရရင် ၂၀၁၅ နောက်ပိုင်းလောက်မှာ ပါတီက သွေးအေး သွားတယ် ။ အဲ့တုန်းက ရှမ်းပြည်နယ်မှာ ပြည်နယ် ၁ နဲ့ ၂ မှာ အနိုင်ရခဲ့ပေမဲ့ ပြည်သူ့ လွှတ်တော်မှာ ရှုံးသွားတယ်။ ရှမ်းပြည်နယ်တစ်ပြည်နယ် လုံးမှာဆိုရင် တော့ အခြေအနေကောင်းပါတယ် ။ တစ်နိုင်ငံလုံးနဲ့စာရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ အနိုင်မရခဲ့ တဲ့ အတွက် ကျွန်တော်တို့ အစိုးရ မဖွဲ့နိုင်ခဲ့ဘူး ။ ပါတီရဲ့ သဘောက ကိုယ့်ရဲ့ပါတီအကြီးအကဲက အစိုးရမဖြစ်ဘူးဆိုရင် ကိုယ့်ရဲ့ ဒေသအတွက် လုပ်ပိုင်ခွင့်တွေ ပြည်သူလူထုအပေါ်လုပ်ဆောင်ချက်တွေက တစ်ဆင့်လျော့ သွားတာပေါ့။ အားမရှိဘူး။ ပြည်ထောင်စုအစိုးရမှာရောပြည်နယ်ရဲ့ အစိုးရမှာရော ကိုယ့်ပါတီ ကမဟုတ်တဲ့ အတွက် ပါတီရဲ့ဆောင်ရွက်ချက်တွေအောက်ခြေ မှာနည်းနည်း လျော့ရဲ သွားတာပေါ့။ ပြည်သူလူထုကလဲ အမျိုးမျိုးပြောနေကြတာတွေ့ရပါတယ် စစ်ဖိနပ်အောက် ရောက်ချင်ရင် ပြည်ခိုင်ဖြိုးကိုမဲပေး။ အကြောက်တရားနဲ့နေချင်ရင် ပြည်ခိုင်ဖြိုးကိုမဲပေး။ သူခိုးပါတီ ဘာညာပြောနေကြတာပေါ့။ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက သွားနေတဲ့လမ်းကြောင်းနဲ့ ပြည်ခိုင်ဖြိုးရဲ့ ဦးတည်ချက်တွေက သိပ်မကွာဘူး။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ မြေယာကိစ္စတွေ အငြင်းပွားခဲ့ကြတာလဲ ရှိခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေမှာ အတိုက်အခံတွေရှိခဲ့ပါတယ်။ အများအမြင်မှာက ပြည်ခိုင်ဖြိုးက စစ်တပ်လက်အောက်ခံပါတီဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရည်မှန်းချက်ခြင်းတူတာက တို့တာဝန်အရေးသုံးပါးတို့ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဒါတွေက ဦးတည်ချက်တူတယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ နိုင်ငံတော်အတွက် ကောင်းရာကောင်းကြောင်းရည်မှန်းချက်တွေ ကတော်တော်လေးတူတယ်။ အဲ့တာကြောင့် လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီက တင်ပြတဲ့ဟာတွေကို တပ်မတော် သားကိုယ်စားလှယ်တွေထောက်ခံတာများတယ်။ တကယ်တမ်းကြတော့ တပ်တော်ရဲ့ အာဏာကို ပြည်သူလူထုလက်ထဲအပ်နှင်းချင်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တာပေါ့။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လွှတ်တော်အဆောက်အဦးတွေကို ကြိုတင်ဆောင်ရွက်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါ တီကနေ သမ္မတရော ဒုသမ္မတရော ကစစ်တပ် ထွက်တွေ ဖြစ်တော့ ပြောစရာတွေ ဖြစ်ခဲ့တာပေါ့။ ပြီးခဲ့တဲ့ ၈၈ ကျောင်းသားအရေးအခင်းနဲ့ သံဃာတော်ကိုရိုက်တဲ့ဟာတွေ ဒါတွေနဲ့ ပြောပြီးတော့ ပြည်ခိုင်ဖြိုးပါတီကို အပြစ်တင်နေတာတွေ ကျွန်တော့အနေနဲ့ သိသဘာ၀မကျဘူးလို့ထင်တယ်။ အဲ့ဒီအပေါ်မှာ လူတွေရဲ့ထင်မြင် ချက်တွေကြောင့် ပြည်ခိုင်ဖြိုးအနိုင်မရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ သုံးသပ်မိပါတယ်။
မေး ။ ။ တစ်ခြားတိုင်းနဲ့ပြည်နယ်အချို့က ပြည်ခိုင်ဖြိုးပါတီတွေ ရွေးကောက်ပွဲကို ထပ်မံကျင်းပပေးဖို့ လှုံ့ဆော်နေကြတာတွေ ရှိတယ်။ ရှမ်းပြည်နယ်ဘက်က သဘောထားနဲ့ အခြေအနေကဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ရှမ်းပြည်နယ်ဘက်ကတော့ ကျွန်တော့အထက်မှာ ပါတီ က္ကဌနဲ့ အတွင်းရေးမှူးရှိတယ်ဆိုတော့ အဲ့ကိစ္စကိုတော့ ကျွန်တော်ဖြေလို့ အဆင်မပြေဘူး။ လက်ရှိအခြေအနေအထိကတော့ ဒီမှာ ကျွန်တော်တို့ပါတီက တောင်းဆိုထားတာ မရှိသေးပါဘူး။
မေး ။ ။ အနိုင်မရရှိခဲ့တဲ့အတွက် လွှတ်တော်ပြင်ပမှာ ဘာတွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ ။ ။ ဒီပါတီကတော့ တည်မြဲနေမှာပဲ၊ တစ်ချို့နိုင်ငံမှာ နှစ်တွေအကြာကြီးရပ်တည်ပြီး ပါတီတွေ ပြန်အနိုင်ရသွားတာတွေလဲ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကို အခြေခံပြီးဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ဘူး။ ပါတီ ရဲ့မူဝါဒတွေ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားဆိုတော့ ပါတီ ပြန်လည် Reform ပြန်လုပ်ပြီး လူငယ်တွေတော်တော်များများ ပါဝင်ဖွဲ့စည်းဖြစ်သွားမှာပါ။