ရက္ခိုင့်တပ်တော် ULA/AA ၏ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ကြေညာလိုက်သည်။
ULA/AA ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ရန် NLD နှင့် တပ်မတော်အား မေတ္တာရပ်ခံကြောင်း က နိုဝင်ဘာ ၁၂ ရက်ကထုတ်ပြန်တိုက်တွန်းသည့်အပေါ် တပ်မတော်က ကြိုဆို ကြောင်း ၎င်းနေ့တွင်ပင် ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် “တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲနှင့် ပတ်သက်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ဖြစ်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူ အားလုံး သက် ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲပေးနိုင်ရေး အလေးထားကြောင်း ဆန္ဒဖော်ပြသဘော ထားပြီဖြစ်ပါသည်။ ထို့ကြောင့် ULA/AA ၏ ယခုထုတ်ပြန်ချက်အား ကြိုဆိုပါကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်သွားပါမည်” ဟု ဖော်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိသည့် နေရာများကိုလည်း ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပနိုင်ရန် တိုက်တွန်းထားသည်။
တပ်မတော်က “ထို့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း၌လည်း ကြားဖြတ်ရွေးကောက်ပွဲ အမြန် ကျင်းပနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားပါရန် တိုက်တွန်း အပ်ပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
ရက္ခိုင်တပ်တော် ULA/AA အနေဖြင့်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော် အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော် သလို ပံ့ပိုးကူညီဆောင်ရွက်သွားရန် ဆန္ဒရှိပါသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိသည့် နယ်မြေအများစုမှ ပြည်သူ အများစုသည် မဲပေးခွင့် မရရှိသည့်အတွက် ပြည်သူ့အသံ ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စား လှယ် လောင်းများကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသားအခွင့်အရေး တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးတို့ကို နစ်နာခဲ့ရသည်ဟု ULA/AA က ထုတ်ပြန်ချက်ထဲတွင် သုံးသပ်ထားသည်။
ထိုအနေအထားများကြောင့် ULA/AA က နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ရခိုင်ပြည်နယ်ရှိ နယ်မြေများကို ဒီဇငဘာလ ၃၁ ရက် မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးရန် ထုတ်ပြန်ခဲ့ပြီး တပ်မတော်က အဆိုပါ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုဆိုသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်မြေတော်တော်များများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကျေးရွာများ၊ ကချင်၊ ရှမ်း၊ ကရင်၊ မွန်နှင့် ပဲခူးစသည့် ပြည်နယ်နှင့်တိုင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုတချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ မဲစာရင်းများအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ဖြင့် အစိုးရဖွဲ့ခွင့်ထပ်မံရရှိခဲ့သည်။