ကချင်ပြည်နယ်တွင် ယခုနှစ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၅ ဦးအနက် ၁၀ ဦးအနိုင်ရရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
အမျိုးသမီးကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်သည့်ရာခိုင်နှုန်းသည် ၂၀၁၅ ထက်လျော့နည်း သွားသော် လည်း ရွေးကောက်ခံရသည့်အမျိုးသမီးအရေတွက် ပိုများလာပြီး ကိုယ်စားလှယ်လောင်းစုစုပေါင်း ၄၈ဝဦး ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၅ ဦးပါဝင်ကာ ၁၀ ဦးအနိုင်ရရှိခဲ့ခြင်းသည်။
“အမျိုးသမီးတွေအနေနဲ့ လွှတ်တော်ထဲမှာ များများရောက်လာတာကိုတော့ လက်ခံတယ် ကြိုဆိုတယ်။ဒါပေမယ့် လွှတ်တော်ထဲမှာ ရောက်သွားပြီးဘာမှ မလုပ်ဘူး။ ဥပမာ NLD ပါတီကနေပြီး နိုင်သွားတယ်ဆိုရင် NLD ပါတီရဲ့ ပေါ်လစီ၊မူဝါဒတွေကိုဘဲ အားနာနေပြီးတော့မှ အဲဒါတွေကိုဲလိုက်နာနေပြီးတော့ သူတို့မလုပ်ပါနဲ့ဆို မလုပ်ဘူး။ အဲလို လုပ်တဲ့ဟာမျိုးဘဲဆိုရင် ပြည်သူအသံကိုနားမထောင်ဘဲနဲ့ ပါတီရဲ့အသံဘဲနားထောင်မယ်ဆိုရင် ဒါက ဗဟိုချုပ်ကိုင်မူဖြစ်သွားမယ်။ဘယ်လောက်ဘဲ များများ ကျွန်မတို့လိုချင်တာ လူများလာဖို့မဟုတ်ဘူး။ များလာတဲ့အမျိုးသမီးတွေက အဓိပ္ပါယ်ရှိတဲ့ပါဝင်မူ လုပ်ဆောင်မူဖြစ်ဖို့လိုတယ်။အမျိုးသမီးတွေရဲ့လိုအပ်ချက် ငိုယိုမူ၊ညဉ်းတွားမူတွေ၊ ခွဲခြားဆက်ဆံပေးမူတွေကို မဖြစ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်စေချင်တယ်”ဟု ထွယ်အရပ်ဘက်အဖွဲ့စည်းမှ(အမျိုးသမီးအရေးလူပ်ရှားသူ) ဒေါ်နန်ပူက ပြောသည်။
အနိုင်ရရှိသည့် အမျိုးသမီးကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် USDP ပါတီကိုယ်စားပြု၍ ဆွမ်ပရာဘွမ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်လရှန်ဘန်ထွယ်၊ NLD ပါတီကိုယ်စားပြု၍ မြစ်ကြီးနားမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ကေရွယ်အောင်တို့ဖြစ်သည်။
အမျိုးသားလွှတ်တော်တွင် NLD ပါတီကိုယ်စားပြု၍ မိုးညှင်းမြို့နယ်၌ ယှဉ်ပြိုင်သည့် ဒေါ်ခင်နှင်းထွေး (ခ) စိုးငယ်မိုးကောင်းမြို့နယ် ဒေါက်တာခင်မကြီးတို့ဖြစ်ကြသည်။
ပြည်နယ်လွှတ်တော်တွင် မိုးကောင်းမြို့နယ် အမှတ် ၂ မှ ဒေါ်သီရိသွင် (NLD)၊ မိုးညှင်းမြို့နယ် အမှတ် ၁ တွင် ဒေါ်သက်ထားနှောင်း(NLD)၊ ချီဖွေမြို့နယ် အမှတ် ၁ ဒေါ်ဒေါင်နော (NLD)၊ ဆော့လော်မြို့နယ်အမှတ် ၂ တွင် ဒေါ်ခေါမာဝူ (NLD)၊ အင်ဂျန်းယန်မြို့နယ်အမှတ် ၂ တွင် ဒေါ်ဂျာဆိုင်းခေါန် (တစ်သီးပုဂ္ဂလ)၊ ဗန်းမော်မြို့နယအမှတ် ၂ တွင် ဒေါ်ဇာခြည်မြင့် (NLD) ပါတီတို့ အသီးသီးအနိုင်ရရှိခဲ့သည်။
ယခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၆ ဦး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၁၀ ဦး၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၂၉ ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်။
ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်ကျင်းပသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၅၀၃ ဦးသည့်အနက် အမျိုးသမီးကိုယ်စာလှယ်လောင်း ၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ငါးဦးသာအနိုင်ရရှိခဲ့သည်။
အဆိုပါ ငါးဦးသည် KSDP ပါတီမှ ဒေါ်ဂျာဆိုင်းခေါန်၊ USDP ပါတီမှ ဒေါ်ဂျေထုရော်၊ NLD ဒေါ်မြသွေးစံ၊ ဒူးလေးပါတီ ဒေါ်ခေါမာဝူ၊ USDP ဒေါ်ရှဇော်လွမ်းလမ့် တို့ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသမီးကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးအရေးအား ထိရောက်သည့် လုပ်ဆောင်မူမျိုးမတွေ့ရှိရကြောင်း ထွယ်အရပ်ဘက်အဖွဲ့အစည်းမှ ဆရာမနန်ပူက ထေကပြခဲ့သည်။
“ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ USDP ကနေ နိုင်သွားတဲ့ ဆရာမဒေါ်ဂျာဆိုင်းခေါန်ကတော့ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ သိသိသာသာဝင်ရောက်ဆွေးနွေးတာမျိုးရှိတယ်။ ဒါပေမယ့် ကျေနပ်အားရလောက်တော့မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်နယ်လွှွတ်တော်မှာဖြစ်တဲ့တွက်ကြောင့်မို့လည်း ဖြစ်နိုင်တယ်။ သူ့အနေနဲ့ မုဒိန်းမူနဲ့ပတ်သက်ပြီး တင်ပြတယ်။ ဒါပေမယ့် ဗဟိုကနေပြီး ခွင့်ပြုချက်မပေးရင်တော့ ပြည်နယ်လွှတ်တော်မှာ ဘယ်လောက်လုပ်လုပ် ဘာမှမထူးခြားဘူးဆိုတဲ့ဟာကို သူရသွားလို့ထင်တယ်။ ကျန်တဲ့သူတွေဆိုလည်း အမျိုးသမီးရေးနဲ့ပတ်သက်ပြီး လုပ်တာမတွေ့ရဘူး” ဆရာမနန်ပူက ပြောသည်။
သို့သော် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းမှသင်ခန်းစာများယူကာ လာမည့်လွှတ်တော်တွင် အမျိုးသမီးအရေးများအား ထိထိရောက်ရောက်လုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်း ၎င်းကဆက်ပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီငါးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၂၀၀ ရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း သုံးဦးသာ ပါဝင်ခဲ့ကြောင်း သက်ဆိုင်ရာမှသိရသည်။
မြန်မာတစ်နိုင်းငံလုံးတွင် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်နှစ်အလိုက် အမျိုးသမီးပါဝင်မှုကို ကြည့်မည်ဆိုပါက ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၃၀၆၉ ဦးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂၇ ဝင်ပြိုင်ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၀၃၈ အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ဦးပါဝင်ကာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၉၆၉ဦး တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၁၀၄ ဦးပါဝင်လာသည့်အတွက် အမျိုးသမီးပါဝင်မှုသည် တစ်ဖြည်းဖြည်းမြင့်မားလာသည်ကို တွေ့ရသည်။
ထို့ပြင် နှစ်အလိုက် ရွေးကောက်ခံရမှုကိုကြည့်ပါကလည်း ၂၀၁ဝရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ် ၄၅ ဦး ရွေးကောက်ခံရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၁၅၁ ဦးရွေးကောက်ခံရကာယခုနှစ် ၂၀၂ဝ ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းများ ထုတ်ပြန်နိုင်ခြင်းမရှိသေးသဖြင့် အမျိုးသမီးကိုယ်စာလှယ်အရေအတွက် မည်မျှပါဝင်သည်ကို ဖော်ပြနိုင်ခြင်း မရှိသေးပေ။
ကချင်ပြည်နယ်တွင် ယခုနှစ်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် NLD ပါတီမှ ရှစ်ဦးဖြစ်ပြီး တစ်သီးပုဂ္ဂလတစ်ဦး၊ USDP မှ တစ်ဦးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးမဲပေးခွင့်အား ၁၉၃၅ ခုနှစ်မှ စတင်ရရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးလွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံခွင့်သည် ၁၉၄၆ ခုနှစ်မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။