မြစ်ကြီးနားတွင် မဲရုံတချို့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းများ လိုက်နာမှုအားနည်း

မြစ်ကြီးနားတွင် မဲရုံတချို့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းများ လိုက်နာမှုအားနည်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် မဲရုံ ၃ဝ ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ် ကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်နာမှုအားနည်းခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူက ပြောသည်။

မြို့ပေါ်မဲရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကာကွယ်ရေးလမ်းညွှန်များကို လိုက်နာမှုရှိသော်လည်း လူဦးရေများသည့် မဲရုံများနှင့် ကျေးလက်မှမဲရုံများတွင် တိကျစွာလိုက်နာဆောင်ရွက်မှုမရှိကြောင်း ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဒေါ်ဘောက်မိုင်က ပြောသည်။

"တစ်ချို့ ကျေးလက်မဲရုံတွေမှာဆိုရင် မဲထည့်တဲ့နေရာကို သေချာဆောင်ရွက်ထားပေမယ့် အပြင်ဘက်မှာ ကျန်းမာရေးညွှန်ကြားချက်တွေ လိုက်နာမှုမရှိဘူးလို့မြင်တယ်" ဟု ဒေါ်ဘောက်မိုင်ကပြောသည်။

မဲရုံများတွင် အဖျားတိုင်းခြင်း၊ လက်သန့်စင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခြောက်ပေကွာတန်းစီခြင်း စသည့် ကျန်းမာရေးလမ်းညွှန်ချက်တွေကို ဆောင်ရွက်ပေးသော်လည်း လူဦးရေများပြားလွန်းသောကြောင့် လိုက်နာမှုအားနည်းခဲ့ကြောင်းကို တွေ့ရသည်ဟုဆိုသည်။

မဲဆန္ဒရှင် တစ်ထောင်ကျော်ရှိပြီး နေရာကျဉ်းကြပ်သောကြောင့် ကျန်းမာရေးဌာနမှညွှန်ကြားထားသော ခြောက်ပေကွာရန်ဆိုသည့် ညွှန်ကြားချက်များအား မလိုက်နာနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက်က မဲရုံအမှတ် ၈၃ တွင်တာဝန်ကျသော မဲရုံမှူး ဦးဒွဲအောင်ကပြောသည်။

"စစချင်းမှာတော့ ခြောက်ပေအကွာနဲ့ ကျန်းမာရေးဌာနကလူတွေက အကုန်လာလုပ်ပေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းလူကများတဲ့ အခါကြတော့ အပြင်ဘက်က ရပ်ရွာကော်မရှင်တွေကော၊ လုံခြုံရေးတွေရော မနိုင်တော့လို့ ထင်တယ်။ ပြွတ်သိပ်နေတာဟုတ်တယ်" ဟု ဦးဒွဲအောင်ကပြောသည်။

မဲလာရောက်ထည့်ဝင်သူဦးရေ အလွန်များကာ တစ်ဦးနှင့်တစ်ဦး ပူးကပ်စွာတန်းစီရသောကြာင့် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှာကို စိုးရိမ်ကြောင်း ကိုယ်ဝန်ဆောင်ထားသည့် မဲဆန္ဒရှင် ဒေါ်နီလာစိုးကပြောသည်။

"ရောဂါကာလဆိုတော့ ကြောက်လည်းကြောက်တယ်။ အသက်ပြည့်တယ်ဆိုလို့ မဲလာထည့်တာပါ။ ဗိုက်နဲ့ဆိုတော့ ရောဂါကူးစက်မှာလည်းကြောက်တယ်” ဟု ဒေါ်နီလာစိုးကပြောသည်။

အခုလို မဲရုံများတွင် လူဦးရေထူထပ်ခြင်း၊ ကျန်းမာရေးလမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းသည် တစ်ဦးချင်းအနေနှင့် အားနည်းခြင်းဖြစ်သည်ဟုထင်မြင်ကြောင်း မြစ်ကြီးနားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒဆွေကပြောသည်။

"ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တစ်ဦးချင်းအနေနဲ့ လိုက်နာမှုအားနည်းတယ်လို့ မြင်တာပေါ့နော်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာရန်ဆိုပြီး ထုတ်ထားပြီးသားဖြစ်တယ်လေ။ လူတွေအားလုံး လိုက်နာရမှာက တစ်ယောက်ချင်းစီရဲ့ တာဝန်လို့ပဲ ယူဆတယ်" ဟု ဒေါက်တာဖြိုးန္ဒာဆွေကပြောသည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကိုဗစ်ကူးစက်လူနာ ၁၃၉ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၁၃၅ ဦးရှိသောကြောင့် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်မှုအားကောင်းကြောင်း တွေ့ရသည်ဟု မြစ်ကြီးနားမြို့နယ် ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဒေါ်ဘောက်မိုင်က သုံးသပ်ခဲ့သည်။

သို့သော်လည်း လူဦးရေ ရာချီစုဝေးကာ ရွေးကောက်ပွဲအောင်ပွဲခံခြင်းများ ရှိနေသည်ကိုတွေ့ရသဖြင့် စိုးရိမ်မိကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ကချင်ပြည်နယ်မှာ ရောဂါကူးစက်မှု မဆိုးရွားတာကြောင့်ထင်တယ်။ ပြည်သူတွေ လိုက်နာမှုသိပ်မရှိတာတွေတွေ့ရတယ်။ ဥပမာ အခုဆို မဲဆွယ်တာတွေပြီးသွားပေမယ့် အောင်ပွဲခံတာတွေပြုလုပ်ပြီး ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့စည်းကမ်းချက်တွေကို လိုက်နာမှုမရှိကြဘူး” ဟု ဒေါ်ဘောက်မိုင်ကပြောသည်။

ကချင်ပြည်နယ်တွင် လက်ရှိ ကိုဗစ်ရောဂါကုသမှုခံယူနေသူ လေးဦးရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၄၄၅၃ ဦးရှိပြီး သေဆုံးသူဦးရေ ၁၄၅၀ ဦးရှိပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...