မွန်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် သုံးနေရာအတွက် မဲရလဒ် ပုံစံ ၁၉ အတည်ပြုလက်မှတ်ရေးထိုးပွဲကို မော်လမြိုင်မြို့ ပြည်နယ်အစိုးရရုံးဝင်းရှိ ဟင်္သာခန်းမတွင် နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည်။
ပအိုဝ်း၊ ကရင်၊ ဗမာ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် သုံးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကသာ မဲရလဒ်အများဆုံးရရှိခဲ့ပြီး ၎င်းမဲရလဒ်အတည်ပြုလက်မှတ်ရေးထိုးပွဲကို မဲအများဆုံးရ ကိုယ်စားလှယ်လောင်းသုံးဦးထဲမှ ပအိုဝ်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဝင့်ခိုင် ဗမာတိုင်းရင်းသားရေရာ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမြင့် တက်ရောက်ခဲ့သော်လည်း ကရင်တိုင်းရင်းသားလူမျိုးရေးရာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသာစိန် တက်ရောက်ခဲ့ခြင်းမရှိပေ။
အဆိုပါ ပွဲသို့ မဲရှုံးကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့သော်လည်း အနိုင်ရကိုယ်စားလှယ်လောင်းတစ်ဦးတက်ရောက်ရန် ပျက်ကွက်သည့်အပေါ် ဝေဖန်ရှုတ်ချမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်၌ ဒေါက်တာသာစိန်ပြီးနောက် ဒုတိယအဲအများဆုံးရရှိခဲ့သည့် ကရင်ပြည်သူ့ပါတီမှ နော်ဆာထူးက “ကျွန်မတို့ တစ်ဦးနဲ့တစ်ဦးကတော့ ဘယ်ကိစ္စမဆို အပြန်အလှန် လေးစားမှုဆိုတာ ရှိရတယ်ပေါ့နော်။ ကိုယ့်ဘာသာကိုယ် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေပေါ့။ ကျွန်မအနေနဲ့လည်း ရွေးကောက်ပွဲမှာ ဝင်ခဲ့ပါတယ်၊ သို့သော်လည်း ကျွန်မ မနိုင်ပါဘူး” ဟုဆိုသည်။
ယင်းသို့ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်းစိတ်ဓာတ် ကျနေမည်မဟုတ်ဘဲ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီတာဝနများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတာဝန်များကို အားစိုက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နော်ဆာထူးက ဆက်လက်ပြောသည်။
“နဂိုကတည်းက ကိုယ်လုပ်ချင်လို့၊ ဒီနေရာမှာ ဝင်ပြိုင်ခြင်းအားဖြင့် ကိုယ်ဟာ အများအကျိုးအတွက်၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်အတွက်လည်း တစ်ထောင့်တစ်နေရာကနေ ပိုပြီး လုပ်နိုင်တဲ့စွမ်းအားရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ ဝင်ပြိုင်ခြင်းဖြစ်ပါတယ်။ သို့သော်လည်း မနိုင်တဲ့အတွက်ကြောင့် ဘာမှ စိတ်ဓာတ်လည်းကျသွားမှာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်း ရှောင်လွှဲသွားမှာ မဟုတ်ပါဘူး။ လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီတာဝန်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတာဝန်တွေကို ပိုပြီးအားစိုက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းကပြောသည်။
နော်ဆာထူးသည်ရွေးကောက်ပွဲတွင် မဲ ၂၁၃၆၉ မဲ ရရှိခဲ့ပြီး ၎င်းပြိုင်ဘက်သည် ၇၅၈၇၁ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပေါ်မှာ ရလာတဲ့ မဲရုံတစ်ခုချင်းရဲ့ရလဒ်တွေ မြို့နယ်မှာ ပေါင်းတဲ့လုပ်ငန်းတွေလုပ်တယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မြို့နယ်တွေမှာ ကြိုတင်မဲ ရေတွက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်တယ်။ ကြိုတင်မဲ ရေတွက်ပြီးသွားရင် မြို့နယ်ရဲ့ ကြိုတင်မဲနဲ့ ရပ်ကွက်ကျေးရွာတွေက တက်လာတဲ့ မဲရုံတစ်ခုချင်း ပုံစံ ၁၆၊ မြို့နယ်တွေမှာ လုပ်တဲ့ ပုံစံ ၁၈၊ ဒီနှစ်ခု ပေါင်းခြင်း ပုံစံ ၁၉ ပေါ့။ ဒါတွေကို ကျွန်တော်တို့ ဌာနဆိုင်ရာ စာရင်းစစ်ရဲ့ အကူအညီရယူပြီး စိစစ်ပါတယ်။ စိစစ်ပြီးတာနဲ့ စာရင်းစစ်အကူအညီနဲ့အတူ ပုံစံ ၁၉ တွေ ရေးဆွဲပြီးတင်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ ပုံစံတွေ မနေ့ညက ရောက်တယ်။ ကျွန်တော်တို့ စိစစ်ဆဲဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။
မဲများ စိစစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြ၍ အချောသတ်စိစစ်၍ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆက်လက်၍ ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်များကို ဆက်တိုက်ထုတ်ပြန်သွားရန်ရှိကြောင်း ဦးဟိဏ်းလင်းထက်က ဆက်လက်ပြောသည်။
မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်စလုံး၏ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ မဲရလဒ်များကို စိစစ်ထုတ်ပြန်သည့် အခမ်းအနားသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်နဲ့ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနဲ့ အများပြည်သူသက်သေတချို့လည်း တက်ရောက်ခဲ့ကြသည်။