MUP က ရေးမြို့နယ်တွင် ကြိုတင်မဲလိမ်တယ်ဆိုတဲ့ သတင်းအမှား

MUP က ရေးမြို့နယ်တွင် ကြိုတင်မဲလိမ်တယ်ဆိုတဲ့ သတင်းအမှား
by -
NMG

မွန်ညီညွှတ်ရေးပါတီ MUP က ရေးမြို့နယ်တွင် ကြိုတင်မဲလိမ်မှုတွေရှိခဲ့လို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေရှင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုက Aung Ba La ဆိုတဲ့ Facebook အကောင့်ကနေတဆင့် ရွေးကောက်ပွဲအပြီး လူမှုကွန်ရက်မှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။

Aung Ba La  အကောင့်မှာတင်ထားတဲ့ ပို့စ်မှာ ဖော်ပြထားတာကတော့ “မွန်ပြည်နယ်က ရေးမြို့နယ်မှာ MUP ပါတီက နေရာ ၃ နေရာလုံးကို ကြိုတင်မဲတွေနဲ့ လိမ်ပြီး အနိုင်ယူသွားတယ်လို့ သိရတဲ့အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်စီစစ်ပြီး ကြိုတင်မဲလိမ်တာမှန်ရင် ဒုတိယရတဲ့ပါတီကို အနိုင်ပေးသင့်ပါတယ်။ ဒါမျိုးတွေခွင့်ပြုရင် နောင် ဒီထက်မသမာမှုတွေ ပိုများလာလိမ့်မှာဖြစ်ကြောင်း” လို့ ရေးသားထားပါတယ်။

အဲဒီပို့စ်ကို Aung Ba La ဆိုသူက နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး အဆိုပါရေးသားမှုဟာ သတင်းအမှားသာဖြစ်တယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးကပြောပါတယ်။

ဦးညီသွေးက “အမှားပါ။ သူတို့ အဲလို စွတ်စွဲတဲ့သဘောပဲရှိမှာ ဒါတွေကလေ အဲလိုမျိုး။ သူတို့သံသယနဲ့ တင်တယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုလုပ်ပြီး ဖြေရှင်းပေးလို့ရမလဲ။ ဒါ သူတို့သံသယနဲ့ တင်တဲ့ဥစ္စာလေ အမှန်က အားလုံးလည်း လက်မှတ်ထိုးပြီးကုန်ပြီ။ အဲဒါဆိုရင် အားလုံးကလက်ခံတယ် သဘောတူတဲ့ ရွေးကောက်ပွဲဖြစ်သွားပြီလေ။ Facebook က သိတဲ့အတိုင်းပဲ ကျနော်တို့က ဘယ်လိုဖြေရှင်းမှာလဲ။ လိုက်ပြီးတော့လည်း မဖြေရှင်းနိုင်တော့ဘူး။ သူတို့က အကောင့်တုနဲ့တင်တယ် ကျနော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲ” လို့ပြောပါတယ်။

ရေးမြို့နယ်တွင် MUP က ကြိုတင်မဲ လိမ်လည်မှုတွေမရှိကြောင်းနဲ့ ထိုကဲ့သို့ဖြစ်စဉ်လည်း မဖြစ်ခဲ့ကြောင်း ဦးညီသွေးက ဆိုပါတယ်။

မွန်ညီညွှတ်ရေးပါတီ MUP ရေးမြို့နယ်အောင်နိုင်ရေး ဒုတိယခေါင်းဆောင် ကိုစိုးပိုင်ကလည်း အခုလိုပြောပါတယ်။

ကိုစိုးပိုင်က “အဲဒီသတင်းကတော့ သတင်းအမှားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုမျိုး ကြိုတင်မဲ လိမ်တဲ့ဟာမျိုး မရှိပါဘူး။ တကယ်တော့ ဒါက မဟုတ်မမှန်တဲ့ သတင်းဖြစ်နေတာကိုး ကြိုတင်မဲလိမ်တာကို ကျနော်လည်း မကြားဘူးလေ။ ရွေးကောက်ပွဲက မနေ့ကမှ ပြီးသွာတာဆိုတော့” လို့ပြောပါတယ်။

ဒါ့အပြင် Aung Ba La ဆိုတဲ့ အကောင့်ပိုင်ရှင်ကပြောတဲ့ မွန်ညီညွှတ်ရေး ပါတီ MUP က ရေးမြို့နယ်မှာ ၃ နေရာ နိုင်တယ်ဆိုတာ မဟုတ်ပဲ ၃ နေရာမက နိုင်ခဲ့တယ်လို့ ရေးမြို့နယ် MUP ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဒုတိယခေါင်းဆောင်က ကိုစိုးပိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ ၃ နေရာမဟုတ်ဘူး ၅ နေရာအနိုင်ရတာ ကျနော်တို့ မွန်ညီညွှတ်ရေးပါတီအနေနဲ့ ၅ နေရာစလုံး အနိုင်ရရှိခဲ့ပါတယ်။ ပထမက ကျနော်တို့ ရေးမြောက်ခြမ်းပေါ့နော ရေးမြောက်ခြမ်းမှာဆိုရင် အမှတ် ၁ ပြည်နယ်လွှတ်တော် အမတ် ၁ နေရာစာရင် နောက်ကျတော့ အမှတ် ၇ အမျိုးသားလွှတ်တော် ၁ နေရာရယ် နောက်ပြီးတော့ ပြည်သူ့လွှတ်တော် ၁ နေရာရယ် နောက်ကျတော့ အမှတ် ၂ ပြည်နယ်လွှတ်တော် ၁ နေရာရယ်။ အမှတ် ၇ အမျိုးသားလွှတ်တော် ၁ နေရာရယ်။”

ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးကလည်း မွန်ညီညွှတ်ရေးပါတီ MUP က ရေးမြို့နယ်တွင် လွှတ်တော်နေရာ ၅ နေရာ အနိုင်ရတယ်ဆိုတာလည်း ဦးညီသွေးက အတည်ပြုပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က ပါတီတွေနဲ့ဆိုင်တဲ့ သတင်းအမှားတွေ၊ ပါတီတွေမှာရှိတဲ့ လူပုဂ္ဂိုလ်အချင်းချင်းကို တိုက်ခိုက်တဲ့ သတင်းအမှားတွေကို တွေ့ခဲ့ရပြီး၊ ရွေးကောက်ပွဲပြီးတဲ့နောက်မှာတော့ ကြိုတင်မဲနဲ့ဆိုင်တဲ့ သတင်းအမှားတွေ မဲရေတွက်မှုနဲ့ဆိုင်တဲ့ သတင်းအမှားတွေ သာမက ပါတီတွေရဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်စေတဲ့ သတင်းအမှားတွေကို လူမှုကွန်ရက်သုံးစွဲသူတစ်ချို့က ရည်ရွယ်ချက်ရှိရှိ ရေးတင် ကြတာကို တွေ့ရပါတယ်။

Facebook ကနေတစ်ဆင့် စာဖတ်သူတွေအနေနဲ့ သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေတော့မယ်ဆိုရင် မှားသလား/မှန်သလားဆိုတာကို သေချာစဉ်းစားပြီးမှ တင်တာတို့/ဖြန့်ဝေတာတို့ လုပ်စေချင်တယ်လို့ ကိုစိုးပိုင်က အကြုံတိုက်တွန်းထားပါတယ်။

“မြေပြင်အနေအထားကို သေချာလေ့လာပြီးတော့မှ ဒီသတင်းမှန်မမှန်ဆိုတာကို တကယ်တမ်း စဉ်းစားဆုံးဖြတ်ပြီးတော့မှ တင်စေချင်တယ်ပေါ့ဗျား”

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...