ပါတီမဲဆွယ်စည်းရုံးရေးကာလတွင် ပြိုင်ဖက်ပါတီများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)အား တပ်မတော်ပါတီဟု မဲဆွယ်ဟောပြောမှုများကြောင့် ရွေးကောက်ပွဲတွင် ရှုံး နိမ့်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် (USDP) ပါတီဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။
“အမှန်က တစ်ဖက်ပါတီက စည်းရုံးရေးစကားပြောရင် ကြံ့ခိုင်ရေးပါတီက တပ်မတော်ပါတီပဲ ခင်ဗျားတို့ မဲပေးတယ်ဆိုရင်လည်း ပေါ်တာပြန်ထမ်းရမယ်၊ စစ်အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချူပ်မယ်ဆိုတဲ့ပုံစံမျိူး သူတို့ပြောတဲ့အခါကျတော့ လူတွေက အဲလိုထင်တာပေါ့နော်။အရင်တုန်းက တပ်မတော် အစိုးရခေတ်တုန်းက သူတို့ပေါ်တာထမ်းခဲ့တာတွေဘာတွေ အနှိပ်စက်ခံတာတွေကို ကျွန်တော်တို့ပါတီ အပေါ်ပုံချတယ်လေ။ ပုံချတယ်ဆိုတာလည်းပဲ သူတို့မဲရဖို့အတွက် ကြံဖန်တာပဲ။ကျွန်တော်တို့ပါတီတက်တဲ့အခါမှာပဲ ပေါ်တာဆိုတာမရှိတော့ဘူးလေ။ဆိုတော့ ဒါကြီးကိုအခု သူတို့မဲဆွယ်ဖို့သုံးတယ်ဒါပါပဲ။အမှန်ကတော့ တပ်မတော်ကို မုန်းလို့၊ ကျနော်တို့ကိုမုန်းတာပါပဲ” ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။
ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မတူပီပြည်နယ်လွှတ်တော်၊ ဖလမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်နှင့် ဟားခါးမြို့နယ်ရှိ အမျိုးသားလွှတ်တော်နေရာသုံးနေရာမှလွဲ၍ ၃၆နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ တစ်နေရာမှအနိုင်ရရှိခြင်းမရှိခဲ့ပေ။
နိုဝင်ဘာ (၈) ရက်ကကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲမဲစာရင်းရလဒ်အရ ချင်းပြည်နယ်တွင် NLD ပါတီက ၃၆ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က နှစ်နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) က တစ် နေရာ အနိုင်ရရှိခဲ့ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများအပြား၌ အနိုင်ရရှိကာ ချင်းပြည်နယ်တွင်အစိုးရဖွဲ့နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ငါး နေရာတွင်အနိုင်ရရှိခဲ့ပြီးသော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရရှိတော့ခြင်းဖြစ်သည်။