မဲရေတွက်မှု မပြီးဆုံးသေးသော်လည်း တအာင်း (ပလောင်) အမျိုးသားပါတီ-TNP အနေဖြင့် ရှမ်းပြည်နယ်ရှိ နမ့်ခမ်းမြို့နယ်နှင့် မန်တုံမြို့နယ်ရှိ မဲဆန္ဒနယ်များအပြင် ကွတ်ခိုင်မြို့နယ်ရှိ မဲဆန္ဒနယ် အချို့တွင် အသာရနေကြောင်း TNP ဥက္ကဋ္ဌ ဦးညီစိန်ကပြောသည်။
ဦးညီစိန်က “နမ့်ခမ်းမှာ အသာရမယ်။ ပြည်သူ့ရော ပြည်နယ်အမှတ် ၂ ရော အမျိုးသားရော အသာရပါတယ်။ မန်တုံလည်း သေချာပါတယ်။ ကျန်တဲ့ မြို့နယ်တွေကျတော့ ဥပမာ ကွတ်ခိုင်တို့ ဘာတို့ကျတော့ လည်း ပြည်နယ် အမှတ် ၁ မှာရော ပြည်သူ့မှာရော အခြေအနေကောင်းပါတယ်။ အခုသေချာတာကတော့ နမ့်ခမ်းကတော့ ၇၅ ရာခိုင်နှုန်းကျော်မှာ ရှိနေပါပြီ။မဲဆန္ဒနယ် တစ်ခုလုံး အောင်ဖို့ ပေါ့။ မဲဆန္ဒနယ် တစ်ခုလုံး အောင်ဖို့ ဆိုတာ တစ်မြို့နယ်လုံးပေါ့။ အောင်ဖို့ ကျတော့ နမ့် ခမ်းရှိတယ် မန်တုံရှိတယ်။ တစ်ခြားတော့ ပြောလို့မရသေးဘူး” ဟုပြောသည်။
လက်ရှိ TNP က အသာရနေသည့် နေရာများသည် တအာင်း(ပလောင်) လူမျိုး အများစုနေထိုင်သည့် မြို့နယ်များဖြစ်သည်ဟု TNP က ဆိုသည်။
အဆိုပါ မြို့နယ်များတွင် ယခုအချိန်အထိ မဲရေတွက်မှု မပြီးဆုံးသေးခြင်းမရှိသေးဘဲ ထိုမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် TNP ပါတီက မဲအသာရနေခြင်းသာဖြစ်ပြီးအပြောင်အလဲဖြစ်နိုင်ခြေရှိကြောင်းနှင့် ကျန်သည့် မြို့နယ်များရှိ မဲဆန္ဒနယ်မြေများကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထားတွင် ရှိကြောင်း ဦးညီစိန်က ပြောသည်။
“လားရှိုးကျတော့ ကျနော်တို့ ပလောင်တိုင်းရင်းသား နည်းနည်း နည်းတဲ့အခါကျတော့ အခြေအနေကတော့ ငါးဆယ်အောက်မှာပဲ ရှိပါအုံးမယ်။ ကျောက်မဲကျတော့ အဲလိုပါပဲ ယုံကြည်အားထားရလောက်တဲ့ အရေအတွက်အထိ တက်မလာသေးဘူး။ ကျန်တဲ့ မြို့နယ်တွေကျတော့ စောင့်ကြည့်ရအုံးမှ သေချာတဲ့သဘောရှိပါတယ်။ မဲရေတွက်နေတုန်း” ဟု ၎င်းကပြောသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့်ဒေသမှ မဲများမှာ ရောက်လာမှုနှေးကွေးသည့်အတွက် အဆိုပါမဲများကို ကော်မရှင်အနေဖြင့် နေဆဲဖြစ်သည့်အတွက် မဲရေတွက်မှုများကို ဆက်လက်စောင့်ကြည့်ရမည့်ဖြစ်သည်ဟု ဆိုသည်။
တအာင်း (ပလောင်) အမျိုးသားပါတီ TNP သည် ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကိုအခြေခံကာ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ စုစုပေါင်း ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တစ်ပြည်လုံးတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦးနှင့်ပြည်နယ်/တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တအာင်းပလောင်အမျိုးသားပါတီ (TNP) အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်ပါတီများထဲတွင် အဆင့်ငါးနေရာတွင်ရှိခဲ့သည်။