ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆၊ ထိန်းချုပ်ရွာများနှင့် နှစ်ဖက် ရောနှောအုပ်ချုပ်သည့် ရွာပေါင်း ၄၀ ခန့်မှ မဲဆန္ဒရှင်များ ခလယ်-တံခွန်တိုင် တိုက်နယ်၊ ဖားပြရွာ၌ အလုံးအရင်း မဲလာပေးနေကြောင်း သိရသည်။
“တချို့ရွာတွေက ဝေးတော့ ညထဲက လာစောင့်တယ်။ နီးစပ်ရာတွေက ထမင်းထုပ်တွေ စီစဉ်ပေးတယ်။ ဖားပြမှာ မဲပေးခွင့်ရှိသူပေါင်း တစ်သောင်းကျော်တယ်လို့ ကြားတယ်” ဟု ဒေသခံတဦးဖြစ်သူ စောယောင့်သာအဲဆန်က ပြောသည်။
တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း မဲရုံဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း မဲပေးလိုသူများ မဲပေးခွင့်မဆုံးရှုံးစေရန် နှစ်ဖက်ညှိနှိုင်း၍ ဖားပြရွာအထက်တန်းကျောင်း မဲရုံတွင် မဲပေးခွင့်ပြုထားရာ ထိန်းချုပ်နယ်မြေအတွင်းရှိရွာများမှ ဒေသခံများက ရွာအလိုက် ကားကြီးများကို စီးလုံးငှားပြီး လာရောက်မဲပေးခဲ့ခြင်းဖြစ်သည်။
ထိန်းချုပ်နယ်မြေ လေးဖိုးရွာသား စောထို့ဖိုးက “ညထဲကလာတယ်၊ ဒိုင်နာကားနဲ့ လာအိပ်တယ်။ လူ ၈၀ ကျော်ပါတယ်။ အခု ၂ နာရီ လောက်ရှိတော့ ဗိုက်လည်းဆာနေတယ်။ တချို့က မပြီးသေးတော့ စောင့်နေရတယ်။ အတူပြန်ဖို့။ အခုမှ မဲပေးဖူးတာ (ပထမဆုံး မဲပေးဖူးတာ) ပါ။ ကိုယ့်အမျိုးသားကို ချစ်လို့ အပင်ပန်းခံမဲလာပေးတာ” ဟု ပြောသည်။
အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ဖားပြရွာ အထက်တန်းကျောင်း မဲရုံတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ ၁၈,၀၀၀ ဦးကျော်ရှိကြောင်း ကျေးရွာကော်မရှင် တာဝန်ရှိသူများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင်၂၀၁၅ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စု ၃၈ အုပ်စုထိရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကျေးရွာအုပ်စုကိုးအုပ်စုသာရှိခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာအုပ်စု ၂၉ အုပ်စုထိ တိုးလာခဲ့ကြောင်းသိရသည်။