ကရင်ပြည်နယ်တွင် မဲပေးမှုအခြေအနေ - ကရင်ပြည်နယ်တွင် မဲရုံစဖွင့်ကတည်းက မဲပေးသူများနှင့်စည်ကား

ကရင်ပြည်နယ်တွင် မဲပေးမှုအခြေအနေ - ကရင်ပြည်နယ်တွင် မဲရုံစဖွင့်ကတည်းက မဲပေးသူများနှင့်စည်ကား
by -
စောထွန်းလင်း (KIC)

ယနေ့ ကျင်းပနေသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း မဲရုံစဖွင့်ကတည်းက စီတန်းစောင့်ဆိုင်းမဲပေးသူများ ဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

“မနက် ငါးနာရီလောက်ကတည်းက မဲရုံနားမှာ လာတန်းစီစောင့်ဆိုင်းနေကြတယ်။ တချို့ဆို ကလေးတွေပါခေါ်လာပြီး ဖျာတွေယူလာ ထိုင်စောင့်နေတာတွေ့တယ်။ မဲရုံတာဝန်ရှိသူတွေက စနစ်တကျဖြစ်ဖို့ ကူပေးတာတွေ့ရတယ်” ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကြီးရွာ မဲရုံများ၌ မဲပေးနေမှုအခြေအနေများကို ကွင်းဆင်း၍သတင်းရယူနေသည့် သတင်းထောက်ကပြောသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ဝန်းရော်ဒေသတွင်လည်း နံနက် ၅ နာရီ ကျော်ကတည်းက ဒေသခံများမဲ‌ပေးရန် စီတန်းစောင့်ဆိုင်းလျက်ရှိပြီး မဲပေးသူများဖြင့် စည်းကားနေကြောင်း သိရသည်။

မဲလာပေးသူများကို မဲရုံတာဝန်ရှိသူများက နှာခေါင်းစည်းများဝေငှခြင်း၊ လက်သန့်ဆေးများ အသုံးပြုစေခြင်းနှင့်၊ ကိုယ်အပူချိန်တိုင်းတာခြင်း စသည်တို့ကို ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း စနစ်တကျ လုပ်ဆောင်ပေးခဲ့သည်ဟု မဲဆန္ဒရှင်များက ပြောသည်။

ထို့အပြင် ဖားအံမြို့ပေါ်ရှိ မဲရုံအချို့တွင် နံနက်ပိုင်းမဲလာပေးသူများပြားသဖြင့် မဲရုံအကူဝန်ထမ်းများ ကိုဗစ်ကာကွယ်ရေးနှင့် မဲပေးနိုင်ရေးအတွက် အလျင်မီကူညီနိုင်ရေး ကြိုးပမ်းလုပ်ကိုင်နေရသည့် အခြေအနေမျိုးလည်း တွေ့ရသည်ဟု ဖားအံမြို့ အထက ၁ ကျောင်း၌ မဲသွားပေးခဲ့သူတဦးက ပြောသည်။

ယခုလို ကရင်ပြည်နယ်အတွင်း မဲရုံစဖွင့်ကတည်းက မဲပေးသူများဖြင့် စည်းကားနေသော်လည်း တစုံတရာအခက်အခဲ၊ အနှောက်အယှက်များ ယနေ့နံနက် ၇ နာရီကျော်ချိန်ထိ ကြုံတွေ့ရခြင်းမရှိသေးကြောင်း ကွင်းဆင်းသတင်းရယူနေသူများထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...