ကိုဗစ်ရောဂါကန့်သတ်ချက်ကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန် ရွေးကောက်ပွဲရလဒ်များကို မိမိတို့၏နေအိမ်တွင်သာ စောင့်ကြည့်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ကြေညာချက်ကို UEC အနေဖြင့် နိုဝင်ဘာ ၆ က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲရလဒ်များရေတွက်ချိန်တွင် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရန်အတွက် မိမိနေ အိမ်မှသာ ရွေးကောက်ပွဲရလဒ်များကို စောင့်ကြည့်ရယူခြင်းဖြင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ကြည့်ရှု့နိုင်ရန်အတွက် နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာ၊ ရွေးကောက်ပွဲကော်မရှင် Website နှင့် Facebook စာမျက်နှာတို့မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးသွားမည်ဟု UEC ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို့အပြင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံပိတ်ပြီးနောက် မဲရုံများနှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲများတွင် ဆန္ဒမဲရေတွက်ခြင်းများကို ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်ကာ ရလဒ်ပုံစံများကို သက်ဆိုင်ရာ မဲရုံများ သက်ဆိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အချိန်နှင့်တစ်ပြေးညီ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပါ သည်ဟု ဆိုသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကလည်း မဲရလဒ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။
မနက်ဖြန် တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဟု UEC ကဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒအောက်တွင် တတိယအကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ်ပြီးမြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ်ပြုလုပ်ခြင်းဖြစ်ကာ ၂၀၁၀ တွင် ပထမအကြိမ်၊ ၂၀၁၅ တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။